Quantcast
Channel: စီးဆင်းရင်ခွင်
Viewing all 93 articles
Browse latest View live
ဗာရာဏသီ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
$
0
0
အိန္ဒိယနိုင်ငံ၊ ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ စာတမ်းဖတ်ပွဲကို အစီအစဉ် (၈) ချက်တို့ဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။ အစီအစဉ်များ နှင့်စာတမ်းများကို တင်ပြပေးသွားပါမည်။
အခမ်းအနား စတင်စဉ်
ဆေးဝင်္ကဘာဆရာတော်မှ သြ၀ါဒချီးမြှင့်စဉ်
နာဂဇုနတက္ကသိုလ် အရှင်သုစိတ္တမှ ဖတ်ကြားတင်သွင်းစဉ်။
ဆန်စခရက် တက္ကသိုလ် အရှင်သာသန မှ ဖတ်ကြားတင်သွင်းစဉ်။
BHU မှ အရှင်သုန္ဒရ ဖတ်ကြားတင်သွင်းစဉ်။
ဆန်စခရက်တက္ကသိုလ် အရှင်ဥာဏောဘာသ မှ ဖတ်ကြားတင်သွင်းစဉ်
BHU  အရှင်နိပုဏာလင်္ကာရ မှဖတ်ကြားတင်းသွင်းစဉ်။
ဆန်စခရက် တက္ကသိုလ် အရှင်တိဏ္ဏောဘာသ မှ ဖတ်ကြားစဉ်။
ဗာရာဏသီ စာတမ်းဖတ်ပွဲ ပုံရိပ်များ..။
$
0
0
                                          စာတမ်းများ ဖတ်ကြားတင်သွင်းကြစဉ်..။
ဆန်စခရက် တက္ကသိုလ်မှ အရှင်ဇောတိက
ဆန်စခရက် တက္ကသိုလ်မှ အရှင်သုဝဏ္ဏသာမိ
ဆန်စခရက်တက္ကသိုလ်မှ အရှင်ရေ၀တ
ဆန်စခရက် တက္ကသိုလ်မှ အရှင်ပုညာနန္ဒ
ဆန်စခရက် တက္ကသိုလ်မှ အရှင်ဝိမလာလင်္ကာရ
သီတဂူဗုဒ္ဓတက္ကသိုလ် နာယက အရှင်သေဋ္ဌိလ မှ ဆုတံဆိပ် ချီးမြှင့်စဉ်။
BHU တက္ကသိုလ် အရှင်သူရိယ မှ ဂုဏ်ပြုလက်မှတ် ဆက်ကပ်စဉ်။
ဆေးဝင်္ကဘာဆရာတော်မှ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးစဉ်။
အခမ်းအနားမှုးဆရာတော် အရှင်အာစိဏ္ဏ
စာတမ်းဖတ်ပွဲ အစီအစဉ်များ..။
$
0
0
အိန္ဒိယနိုင်ငံ၊ ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ စာတမ်းဖတ်ပွဲ အခမ်းအနား အစီအစဉ်များ
 ၁။ ရှေးဦးစွာ နမော တဿ - သုံးကြိမ် ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင် ဖွင့်လှစ်ရန်။
 ၂။ ဗာရာဏသီမြို့၊ ဆေးဝင်္ကဘာကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်မဏ္ဍလမှ သြ၀ါဒကထာ ချီးမြှင့်ပေးရန်။
 ၃။ ဗာရာဏသီဆိုက် ကျောင်းသားအဖွဲ့ကြီး၏ ဥက္ကဋ္ဌဆရာတော် အရှင်နိပုဏာလင်္ကာရမှ သန္ဒေသကထာ လျှောက်ကြားရန်။
၎။ စာတမ်းရှင် ဆရာတော်များမှ စာတမ်းများ ဖတ်ကြားတင်သွင်းကြရန်။ 
၅။ စာတမ်းရှင် ဆရာတော်တို့အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ကို ချီးမြှင့်ပေးရန်။ 
၆။ အလှူရှင်တို့အား စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ ဂုဏ်ပြု လက်မှတ်တို့ကို ချီးမြှင့်ပေးရန်။ 
၇။ ကြွရောက်လာကြသော သံဃာတော်များမှ ဇယန္တော ဗောဓိယာ- စသော အောင်ဂါထာတော်တို့ကို ရွတ်ဖတ်ပူဇော်ကြရန်။
 ၈။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု - သုံးကြိမ် ရွက်ဆို၍ အခမ်းအနားကို ရုတ်သိမ်းရန်။
 စာတမ်းများ ဖတ်ကြားတင်သွင်းကြမည့် အစီအစဉ် 
၁။ ရှေးဦးစွာ အာစရိယ နာဂဇုန တက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုလျှက်ရှိသော ဆရာတော် အရှင်သုစိတ္တမှလောကပျက်စီးမှုကို ဘယ်လို တားဆီးကြမလဲဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။
 ၂။ ဗာရာဏသီမြို့၊ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ကြားလျက်ရှိသော ဆရာတော် အရှင်သာသနမှ သာသနာကို ဘယ်သူ စောက်ရှောက်သင့်သနည်းဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
၃။ ဗာရာဏသီမြို့ ဘနားရပ်စ် ဟိန္ဒူ တက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုလျှက်ရှိသော အရှင်သုန္ဒရ မှ ပညာတတ်တစ်ယောက်၏ တန်ဘိုး ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
၎။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်ဥာဏောဘာသ မှ ပါဠိစာပေနှင့် သင်ကြားနည်းစနစ် ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။
 ၅။ ဗာရာဏသီမြို့ ဘနားရပ်စ် ဟိန္ဒူ တက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက် စာတမ်းပြုစုလျှက်ရှိသော အရှင်နိပုဏာလင်္ကာရ မှ မျက်မောက်ခေတ်သာသနာ နှင့် အင်တာနက် ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။
 ၆။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်တိဏ္ဏောဘာသ မှ သာသနာတည်ကြောင်းနှင့် သာသနာကွယ်ကြောင်းတရားများ ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
၇။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်ဇောတိက (သုံးခွ) မှ ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက် ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။
 ၈။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်သုဝဏ္ဏသာမိ မှ ရည်ရွယ်ချက်ပန်းတိုင်နှင့် အသိပညာ ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
 ၉။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်ရေ၀တ( ၀ါးခယ်မ) မှ ဘ၀-အားမာန် ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
၁၀။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်ပုညာနန္ဒ မှ ယှဉ်နှိုင်းမမှီတဲ့ အမေမေတ္တာ ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
၁၁။ ဗာရာဏသီမြို့ ဆန်စခရက် တက္ကသိုလ်တွင် M.A တန်းကို သင်ယူလျှက်ရှိသော အရှင်ဝိမလာလင်္ကာရ မှ အတုလိုက်နာစရာ နှင့် သတိပြု ရှောင်ကြဉ်စရာများ ဟူသော စာတမ်းကို ဖတ်ကြားတင်သွင်းရန်။ 
စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုတံဆိပ် ချီးမြှင့်မည့် အစီအစဉ်
 ၁။ ဗာရာဏသီမြို့၊ ဆေးဝင်္ကဘာကျောင်းတိုက်ဆရာတော် ဒေါက်တာ အရှင်မဏ္ဍလမှ စာတမ်းရှင် အရှင်သုစိတ္တ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ကို ချီးမြှင့်ပေးပါရန်။ 
၂။ သီတဂူဗုဒ္ဓတက္ကသိုလ် နာယက ဆရာတော် အရှင်သေဋ္ဌိလ Ph.D (Thesis) မှ စာတမ်းရှင် အရှင်သာသန အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။ 
၃။ ဗာရာဏသီမြို့၊ ဓမ္မစကြာရိပ်သာကျောင်း ဆရာတော် ဒေါက်တာ အရှင်နာဂ၀ံသ မှ စာတမ်းရှင် အရှင်သုန္ဒရ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။ 
၎။ နာဂဇုနတက္ကသိုလ်၊ ဆရာတော် အရှင်သုစိတ္တမှ စာတမ်းရှင် အရှင်နိပုဏာလင်္ကာရ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။ 
၅။ ဆေးဝင်္ကဘာ ဆရာတော်မှ စာတမ်းရှင် အရှင်ဥာဏောဘာသ အား ဂုဏ်ပြုလက်မှတ် နှင့် တံဆိပ်တို့ကို ချီးမြှင့်ပေးပါရန်။ 
၆။ ဗာရာဏသီဆိုက် ဥက္ကဋ္ဌဆရာတော် အရှင်နိပုဏာလင်္ကာရ မှ စာတမ်းရှင် အရှင်တိဏ္ဏောဘာသ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။
 ၇။ ဗာရာဏသီဆိုက် အတွင်းရေးမှုးဆရာတော် အရှင်ကုသုမ မှ စာတမ်းရှင် အရှင်ဇောတိက အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။ 
၈။ ဗာရာဏသီဆိုက် ပြန့်ကြားရေးမှုးဆရာတော် အရှင်အာစိဏ္ဏ မှ စာတမ်းရှင် အရှင်သုဝဏ္ဏသာမိအား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။
 ၉။ ဗာရာဏသီဆိုက် စာရင်းစစ်ဆရာတော် အရှင်စရဏာလင်္ကာရ မှ စာတမ်းရှင် ရေ၀တ (၀ါးခယ်မ) အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။
 ၁၀။ နယူးဒေလီတက္ကသိုလ် ဆရာတော် အရှင်သုန္ဒရ မှ စာတမ်းရှင် အရှင်ပုညာနန္ဒ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။ 
၁၁။ ဆန်စခရက် တက္ကသိုလ်၊ အရှင်ဝါယာမမှ စာတမ်းရှင် အရှင်ဝိမလာလင်္ကာရ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ ချီးမြှင့်ပေးပါရန်။ 
၁၂။ ဆေးဝင်္ကဘာဆရာတော်မှ စာတမ်းရှင် အရှင်ဝိစိတ္တသာရ အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ကို ချီးမြှင့်ပေးပါရန်။
စီစဉ်သူ၏ မုဒိတာစကား
$
0
0
                                          စီစဉ်သူ၏ မုဒိတာစကား 
    ဤစာတမ်းဖတ်ပွဲကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ တက္ကသိုလ် အသီးသီးတွင် ပညာဆည်းပူးနေကြသော မြန်မာကျောင်းသား ရဟန်းတော်များ ဆုံဆည်းကြသည့် အမှတ်တရ မိတ်ဆုံပွဲ တစ်ပွဲ ဖြစ်စေရန်၊ ပညာသင် ကျောင်းသားတို့၏ လွတ်လပ်သော အတွေးအခေါ်တို့ကို ထေရ၀ါဒနှင့် ဆန့်ကျင်မှု မရှိဘဲ ပွင့်လင်းစွာ ဖော်ထုပ်ပြနိုင်ရန်၊ နိုင်ငံတကာပွဲများတွင် ပါဝင်ဆင်နွဲနိုင်ရေးအတွက် အလေ့အကျင့် ဖြစ်စေရန် စသော ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။ စာတမ်းများ ကို မျှော်လင့်ထားသည်ထက်ပင် ပိုမို၍ လက်ခံရရှိခဲ့သည်။  
        ဘာသာရေး၊ ပညာရေး၊ သာသနာရေး၊ လောကရေး၊ လူမှုရေး စသော ရှု့ထောင့်မျိုးစုံမှ စာတမ်းများစွာကို တက်ကြွစွာ ရေးသားကြသဖြင့် အထူးပင် ၀မ်းမြောက်ရပေသည်။ မြန်မာဘာသာ သီးသန့်ဖြင့်သာ ရေးသားကြရန် ကြိုတင် နှိုးဆော်ထားသဖြင့် ရောက်ရှိလာသော အင်္ဂလိပ် စာတမ်းတစ်စောင်ကို ၀မ်းနဲစွာ ချန်လပ်ထားခဲ့ပါသည်။
       ဤစာတမ်းများသည် သောတုဇနစာသင်သားများ ရေးသားကြသော စာတမ်းများ ဖြစ်၍ ပညာရှင်တို့၏ စာတမ်းများနှင့် ယှဉ်နှိုင်းကာ မဖတ်စေလိုပါ။ ကြိုးစားကာ ရေးသားကြသော်လည်း လိုအပ်ချက်များစွာ ရှိနေပါသည်။ ယင်းစာတမ်းများထဲမှ နှစ်သစ်ရာ တစ်ခုခုကို ထုတ်ယူပြီး မိမိတို့၏ လက်တွေ့ဘ၀ထဲတွင် အသုံးချနိုင်ပါက ဤစာအုပ် ဖြန့်ဝေရကျိုး နပ်ပေပြီဟု ယူဆမိပါသည်။
        ဤဗာရာဏသီ စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပေးကြသော အရှင်ကုသုမ (အတွင်းရေးမှုး)၊ အရှင်မဏ္ဍလ(ဘဏ္ဍာရေးမှုး)၊ အရှင်အာစိဏ္ဏ(ပြန့်ကြားရေးမှုး)၊ အရှင်စရဏာလင်္ကာရ(စာရင်းစစ်) တို့အားလည်းကောင်း၊ စာတမ်းများ တက်ကြွစွာ ရေးသာပေးပို့ကြသော စာတမ်းရှင်များအားလည်းကောင်း၊ စေတနာ သဒ္ဓါ ထက်သန်စွာ လှူဒါန်းကြသော အလှူရှင်များအားလည်းကောင်း၊ ဝေယျာဝစ္စ ဆောင်ရွက်ကြသူတို့အားလည်ကောင်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။ 
                                              “ပရိယတ္တိမူလကံ သာသနံ” 
                                “သာသနာတော်၏ အခြေခံသည် ပရိယတ္တိဖြစ်၏” 
                            ပရိယတ်သာသနာ ကြာရှည်ခိုင်ခံ့စွာ တည်တန့်နိုင်ပါစေ… 
                                                                             အရှင်နိပုဏာလင်္ကာရ (ဥက္ကဋ္ဌ)
                                                                             စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့
                                                                          ဗာရာဏသီ၊ အိန္ဒိယ။
လောကပျက်စီးမှုကို ဘယ်လို တားဆီးကြမလဲ..
$
0
0
         ဥပနီယတိ လောကော အဒ္ဓုဝေါ ၊ လောကော-လောကကြီးတစ်ခုလုံးဟာ၊ ဥပနီယတိ-ရွေ့ နေတယ်၊ အဒ္ဓုဝေါ- မမြဲဘူး ၊ပကမ္ပတိ-တုန်လှုပ်နေတယ်၊ ရဌပါလသုတ်မှာ စကားကြီးလေး ခွန်းထဲက တစ်ခွန်းကို ဖေါ်ပြထားတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဌပါလသုတ် တရားတော်ကို နာနေတဲ့အချိန် မကြာခင်မှာဘဲ စစ်ကိုင်းပြက်ရွေ့ကြော လှုပ်လာတဲ့ ငလျင်ဒဏ်ကြားရပါတယ်၊ လောကကြီးဟာ တုန်လှုပ်ရွေ့လျော ပျက်စီးနေတယ်ဆိုတာ မှန်တာပဲလို့ သဘောပေါက်လိုက်မိတယ်၊ (၁၁-၁၁-၂၀၁၂)ခုနှစ် ညနေက လှုပ်ခတ်လာတဲ့ မြေငလျင်ကြီး စစ်ကိုင်း မန္တလေး ရွေဘိုတို့ကို ဗဟိုပြုကာ ၆.၈ စကေး ပြင်းအားရှိတဲ့ မြေငလျင်ကြီးဆိုတာ တွေ့ကြုံခံစား ရသူတိုင်း သိကြပါတယ်၊ (ဥပနီယတိ လောကော အဒ္ဓုဝေါ-လောကကြီးဟာ တုန်လှုပ်ပျက်စီး နေတဲ့ အကြောင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ပျက်စီးနေပါတယ်။
 လောကဆိုတာ သတ္တလောက သင်္ခါရလောက သြကာသလောကဆိုပြီး သုံးမျိုးရှိတယ်။ သတ္တလောကဆိုတာ- သတ္တ၀ါ အနန္တ နေထိုင်ကြတဲ့ လောကကြီးကို ခေါ်ပါတယ်၊ သင်္ခါရလောက ဆိုတာကတော့ ပြုပြင်စီရင်လို့ရတဲ့ အရာတွေကို သင်္ခါရလောကလို့ဆိုတာပါ၊ နောက်ဆုံး သြကာသ လောကဆိုတာ ကမ္ဘာလောကကြီးတွေ စင်္ကြာဝဠာ အနန္တ မှာ ရှိတာတွေဟာ သြကာသလောကလို့ ခေါ်ပါတယ်၊ တစ်နည်းအားဖြင့် ၄င်းလောကကြီးကို ရုပ်လောက နာမ်လောက ဟုလဲ ခေါ်လို့ရပါသေးတယ်၊ ဤကမ္ဘာလောက ကြီးဟာ လောကသုံးပါးထဲတွင် သြကာသလောကထဲမှာ ပါဝင်ပါတယ်၊ ဤကမ္ဘာလောကကြီးဟာ နှစ်တွေကြာလာသည်နှင့် အမျှ လှုပ်ရှားမှုတွေက တစ်စထက်တစ်စ ပိုမိုများ ပြားလာတာပါ၊ ဥပနီယတိ လောကောအဒ္ဓုဝေါ- ကမ္ဘာလောကကြီးဟာ မမြဲဘူး ဟု ဘုရားရှင် ဟောကြားခဲ့တယ်ဆိုတာ အစပိုင်းတော့ ကမ္ဘာကြီးဟာ မလှုပ်မရှားတည်နေ လေတော့ လူသားတိုင်းဟာ သံသယ ယုံမှားမှုလေးတွေ ရှိခဲ့ကြတယ်၊ အခုလို ကမ္ဘာကြီးဟာ နှစ်တွေကြာလာတော့ မြေငလျင်တွေလှုပ် ရေ ဆူနာမီတွေဖြစ် မုန်တိုင်းတွေဝင် သဘာဝ ဘေးဆိုးကြီးတွေ ကျရောက်လာခဲ့တာဟာ မြတ်စွာဘုရားရှင်ရဲ့ ဟောကြားတော်မူတဲ့ တရားတော်အတိုင်း လောကကြီးမမြဲဘူး အမြဲတန်းတုန်လှုပ်နေတယ်ဆိုတာ လူသားတိုင်း လုံးဝသံသယ မရှိ မှန်ကန်နေတာကို လက်ခံလာကြတာပါ၊ 
       ယခုခေတ် နက္ခတ္တပညာရှင် သိပ္ပံပညာရှင်တွေ စမ်းသပ်တွေ့ရှိချက်တွေကလဲ လူတို့ရဲ့ သံသယ ယုံမှားမှုကို တဖြေးဖြေး ကင်းပျောက်လာကြတာပါ။ အောက်ပါ အချက်အလက် များကို ကြည့်ချင်းအားဖြင့် သိနိုင်ပါတယ်။ ကမ္ဘာ့ တိုက်ကြီးများ တွန်းတိုက်မှုကြောင့် အမေးရှားအမည်ရှိ မဟာတိုက်ကြီး ဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တစ်ချို့ စမ်းသပ် တွေ့ရှိခဲ့ကြပါ တယ်၊ နောင်လာမည့်နှစ်ပေါင်း သန်း(၅၀)မှ သန်း (၂၀၀)ကြား ကာလအတွင်း ကမ္ဘာ့တိုက်ကြီးများဟာ တစ်ခုနှင့်တစ်ခု တွန်းတိုက်မိကာ မဟာတိုက်ကြီး(၁)တိုက် အဖြစ် ပြောင်းလဲဖြစ်ပေါ်လာ နိုင်ကြောင်း ဖေဖော်ဝါရီလ (၉)ရက်နေ့ထုတ် သုတေသန စာတမ်းတစ်စောင်တွင် ဖေါ်ပြထားပါတယ်၊ ၄င်းကို ပြုစုခဲ့သော အမေရိကန် ယေးတက္ကသိုလ် သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ အမေရိကတိုက်နဲ့ အာရှတိုက်ကြီးများသည် မြောက်ဘက်စူးစူးသို့ ရွေလျားကာ မြောက်ဝင်ရိုးစွန်းဒေသမှာ ဆုံတွေ့၍ မဟာ တိုက်ကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း သိရှိရတယ်၊ အမေရိကတိုက်နှင့် အာရှတိုက် ကြီးများ ရွေ့လျားမှုကြောင့် အာတိတ်သမုဒ္ဒရာနှင့် ကာရတီယန် ပင်လယ်တို့မှာ ကမ္ဘာပေါ်မှ ပျောက် ကွယ်သွားနိုင်ကြောင်း သုတေသနစာတမ်း ဖေါ်ပြထားပါတယ်၊ ဖြစ်ပေါ်လာဖွယ် ရှိတဲ့ အမေးရှား မဟာတိုက်ကြီးတွင် အမေရိကတိုက်နှင့် သြစတြေးလျား တိုက် တို့ဟာလည်း ပေါင်းဆုံ ပါဝင် လာမည်ဖြစ်ကြောင်း ယေးတက္ကသိုလ်မှ ဘူမိဘေဒ ပညာရှင်များက ခန့်မှန်းထားပါတယ်၊ သိပ္ပံပညာရှင်များ၏ လေ့လာချက်အရ ကမ္ဘာ့မြေလွှာကြီးများ လှုပ်ရှားမှုဖြစ်စဉ်ကြောင့် ကုန်းမြေထုများမှာလည်း စဉ်ဆက်မပြတ်ရွှေလျားလျက် ရှိကြောင်းသိရပါတယ်။ ကမ္ဘာ့မြေလွှာ လှုပ်ရှားမှု ဖြစ်စဉ်များကြောင့် တိုက်ကြီးများ ရွေ့လျားမှုဖြစ်ပေါ်ကာ နျူနာ အမည်ရှိ မဟာတိုက်ကြီးတစ်ခု လွန်ခဲ့သော နှစ်ပေါင်း ၁.ဒသမ ရှစ်ဘီလီယံ ခန့်က ပေါ်ပေါက်ခဲ့ဘူးကြောင်း ဘူမိဘေဒ ပညာရှင်များက ယုံကြည်ထားကြသည်၊ ၄င်းအပြင် လွန်ခဲ့သော နှစ်ပေါင်း ၁ ဘီလီယံခန့်က ရိုမေးနီးယား အမည်ရှိ သော မဟာတိုက်ကြီး တစ်ခုသည်လည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းသန်း သုံးရာခန့်ကလည်း ပန်ဂျီယာအမည်ရှိသော မဟာတိုက်ကြီး သည်လည်းကောင်း ပေါ်ထွက်ခဲ့ဘူးကြောင်း သိပ္ပံပညာ ရှင်များက တွေးဆထားကြသည်၊( ၁၄-၁၂-၂၀၁၂-မြန်မာ့ကြေးမှုံ) 
           ၂၀၁၁-ခုနှစ် ဇန်န၀ါရီလ (၁၂)ရက်နေ့က မြန်မာဂျာနယ်တစ်စောင်မှ ဂြိုလ်ပြာ တစ်ခု လနှင့်ယှဉ်၍ မိုးကုတ်မြို့၌ မြင်တွေခဲ့ရသည်ဟု ဖေါ်ပြခဲ့ခြင်း၊၂၁၁၁-ခု ဇန်န၀ါရီလ (၂၄)ရက်နေ့က မြန်မာကြေးမှုံ သတင်းစာတွင် ၂၀၁၂-ခုနှစ်တွင် ကောင်းကင်၌ ဒုတိယ နေတစ်စင်း တွေ့မြင်နိုင်ဘွယ်ရှိသည်ဟု အငြင်းအပွားဖွယ် သတင်းဖေါ်ပြခဲ့ခြင်း၊ ၂၀၁၁-ခု နှစ်ဆန်းပိုင်းမှ ၂၀၁၁-ခုနှစ် မတ်လအတွင်း တရုပ်ပြည့်နှင့် နယူးဇီလန်နိုင်ငံတို့တွင် မြေငလျင်ကြီးများ အကြီးအကျယ်လှုပ်ခတ်ခြင်း၊ အင်ဒိုနီးရှား နိုင်ငံတွင် မီးတောင်များ ပေါက် ကွဲခြင်း၊ အထူးသဖြင့် ၂၀၁၁-ခု မတ်လတွင် ဂျပန်နိုင်ငံ၌ ရက်ချက်စကေး ၉ဒသမ ပြင်းအားရှိသော မြေငလျင်ကြီးများ လှုပ်ခတ်၍ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး တိုက်တာ အဆောက်အဦးများ ပြုကြပျက်စီး၍ လူများစွာသေစေခြင်း၊ နျူးကလီးယား ဓါတ်ပေါင်းဖိုများ ပေါက်ကွဲ ပျက်စီးခြင်း၊ လူအများအန္တရာယ်နှင့် ရင်ဆိုင်ကြရခြင်း စသည်တို့ကို မြင်တွေ့နေကြရပြီး အထူး သဖြင့် မြန်မာနိုင်ငံတွင်လည်း ၂၀၁၁-ခု မတ်လ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတြိဂံနယ်မြေ လွယ်မွေ၊တာလီ၊တာချီလိတ်၊ဒေသများတွင် ပြင်းအားရက်ချက်စတာစကေး (၇)ဒသမခန့်ရှိ ငလျင်ကြီး လှုပ်ခတ်သွား၍ မြေကြီးများ အက်ကွဲခြင်း၊ တိုက်တာအဆောက်အဦးများ ပျက်စီးခြင်းတို့ကြောင့် လူများစွာ သေကြေခဲ့ကြတာလဲ အံ့သြစွာ တွေ့မြင်ခဲ့ရပေသည်။ 
           ယခုလောလောဆယ် မရှေးမနှောင်းကာလက နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်(၇)နာရီ (၄၂)မိနှစ် (၃၈)စက္ကန့်အချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ မြောက်ဖက် အရှေ့ ယွန်းယွန်း (၅၆) ကီလိုမီတာ (၃၅)မိုင်ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အားရက်ချက် စကေား (၆)ဒဿမ(၆) ရှိ ပြင်းထန်သောမြေငလျင်ကြီးတစ်ခု လှုပ်ရှားသွာခြင်းနှင့် ပတ်သက်၍ ၄င်း မိုးလေ၀သဇလ ဗေဒ ပညာရှင် ဦးထွန်းလွင်ကပဲ ထပ်မံသုံးသပ်တင်ပြထားပါသေးတယ်။ ယခုမြေ ငလျင် ဗဟိုချက်သည် စစ်ကိုင်းငလျင်ကြောပေါ်တွင် တည်ရှိပြီး မြေအောက်အနက် (၉)ဒသမ(၉)ကီလို မီတာ (၆)မိုင်တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးငလျင်တစ်ခုဖြစ်ပြီး ပျက်စီးမှုများနိုင်ကြောင်း ၄င်းကဆိုသည်၊ နောက်ထပ်တစ်ဆက်တည်းမှာပင် မြန်မာစံတော်ချိန် နံနက်(၇)နာရီ (၅၉) မီနှစ်ခန့်တွင် မန္တလေးမြို့မှ မြောက်ဖက် (၅၉)မိုင်အကွာ၊ရွှေဘိုမြို့မှ အနောက်မြောက်ဘက် (၂၃)မိုင် ခန့်အကွာ၊ မိုးကုတ်မြို့မှ အနောက်ဖက် (၃၆)မိုင်အကွာ၊သပိတ်ကျင်းမြို့မှ အနောက်တောင်ဘက်(၄)မိုင် ခန့်အကွာ နေရာတို့ကို ဗဟိုပြု၍ အင်အား (၅)ဒသမ စကေးရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခဲ့ကြောင်း ၄င်း နိုဝင်ဘာလ (၁၁)ရက် နံနက်(၈)နာရီခန့်မှာလဲ မန္တလေးမြို့မှ မြောက်ဘက် (၅၃)မိုင်ခန့် အကွာ၊ရွှေ့ဘိုမြို့မှ အရှေမြောက်ဘက် (၁၆)မိုင်ခန့်အကွာ မိုးကုတ်မြို့မှ အနောက်ဖက် (၄၁)မိုင်ခန့် အကွာ သပိတ်ကျင်းမြို့မှ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ ဒေသတို့ကို ဗဟိုပြုပြီး အင်အား (၅)ဒသမ စကေးရှိတဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခဲ့ကြောင်းကိုလဲ နိုင်ငံတော်ပိုင် သတင်းစဉ်က နိုဝင်ဘာလ(၁၁)နေ့တွင် ကြေညာခဲ့သည်။ 
       ဤသို့ သြကာသလောကကြီးလှုပ်ရှားခြင်းနှင့်ရုပ်လောကကြီးလှုပ်ရှားခြင်းတို့ကိုနက္ခတ္တပညာရှင် သိပ္ပံပညာရှင်များ၏သုံးသပ်ချက်နဲ့ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် တထပ်ထဲ ထပ်တူဖြစ်စဉ်တို့ကို တွေ့ရှိရပေသည်။ တဖန် တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ပွဲတွေဖြစ်သော အစ္စရေးနှင့် ပါလတ်စတိုင်း အစရှိသည့် နိုင်ငံတကာစစ်ပွဲများ၊ မိမိနိုင်ငံတွင်မှာပင် လတ်တလောဖြစ်နေသည့် ကချင်စစ်သားနှင့် မြန်မာတပ်မတော်စစ်သားတို့ တိုက်ပွဲတွေ ဖြစ်နေကြ သည်မှာလည်း လောကကြီး လှုပ်ရှားဖြစ်ပျက်နေခြင်းပင်၊ ဟိုအဝေးကိုလှမ်းကြည့်ပြန်က ဒုတိယကမ္ဘာစစ်ပွဲကြီးတွေ များစွာ ရှိကြပေသည်မှာ ထိုနည်းတူပင် ဖြစ်သည်။ 
            ဤသည်မှာလဲ တလှုပ်လှုပ် ဖြစ်နေသော လောကကြီးကို မလှုပ်မရှား တည်ငြိမ်မှုရရှိုခြင်းကတော့ ဘုရားရှင် ဟောကြားခဲ့သော ဓမ္မနဲ့မှသာလျှင် အေးငြိမ်းမှုကိုရရှိမှာ အမှန်ပင်။ လောကနည်းလမ်း တမျိုးအားဖြင့် တဖက်နှင့်တဖက် ပြေလည်မှု နားလည်မှုနှင့်လည်း ဖြေရှင်းလို့ငြိမ်းအေးခဲ့သည်မှာ တစ်ခါတစ်ရံ တွေ့ကြရပေသည်။ တစ်ဖန် သက်ရှိသတ္တ၀ါတွေအပေါ် ကြည့်ပြန်သော်လည်း ရုပ်ခန္ဓာလောကကြီး ငယ်ရွယ်စဉ်အစမှာ ရုပ်ခန္ဓာကြီးမှာ နုပျိုလန်းဆန်းပြီး အသက်အရွယ်ကြီး ရင့်လာသည်နှင့် ရုပ်ခန္ဓာကြီးရှိ ကိုယ်အင်္ဂါ အစိတ် အပိုင်းတို့သည် ယိုယွင်းပျက်စီးလာခြင်းမှာလည်း ဓမ္မတာသဘော တရားပင်၊ တရွေ့ရွေ့နဲ့တည်ငြိမ်မှုမရရှိခဲ့ပေ။ နာမ်လောကလည်းထို့အတူပင် ပြောင်းလဲ ပျက်စီးနေသည်ပင်။ သို့အတွက်ကြောင့် ဥပနီယတိ လောကော အဒ္ဓုဝေါ ပကမ္ပတိ၊ လောကကြီး ဟာ ရွေ့နေတယ်၊ လှုပ်နေတယ်၊ မမြဲဘူး ဟူ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်အရ ၎င်းလှုပ်နေတဲ့ ရွေ့နေတဲ့ မမြဲတဲ့ ရုပ်လောက နာမ်လောကကြီးကို မလှုပ်မရှား၊ မရွေ့ ၊ မပျက်စီး၊ တည်ငြိမ်မှု ရရှိအောင် မြတ်စွာဘုရားရှင် အတိအလင်းဟောကြားခဲ့သည်မှာ သီလ၊ သမာဓိ၊ ပညာ၊ သတိတည်းဟူသော ဓမ္မနဲ့ထိန်းချုပ်မှသာလျှင် ကမ္ဘာလောကကြီးနှင့် ကမ္ဘာ့လူသားသတ္တ၀ါ အနန္တအားလုံး ငြိမ်းချမ်းသွားမယ် ဖြစ်ကြောင်း၊ သီလ သမာဓီ ပညာ သတိ မှတဆင့် ဆက်လက်အားထုတ်ခဲ့သော် နိဗ္ဗာန်သို့တက်လှမ်းနိုင်မည်ဖြစ်ကြောင်း တင်ပြရင်း မိမိရဲ့ စာတမ်းကို နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ရပါတယ်။ သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာကြပါစေ….. 
အရှင်သုစိတ္တ (မြစ်ကြီးနား)
 Ph.D (Thesis) 
Acharya Nagarjuna University. 
GunTur. AP state. India. 
မှီငြမ်း ကိုးကား ကျမ်းစာရင်း...
၁။ မဇ္ဈိမပဏ္ဏာသ၊ ရာဇ၀ဂ္ဂ၊ ရဌပါလသုတ္တ။ နှာ ၂၄၄- ၂၆၁။(မ-ဌ၊၁၉၉။ မ-၂၊ ၂၄၄) 
၂။ စိတ္တ၀ဂ်။ မေဃိယတ္ထေရ၊ ဓမ္မ-ဌ - ၁၊ ၁၈၂။ 
၃။ သုတ္တနိပါတ၊ မဟာဝဂ္ဂပါဠိ၊ မဟာသတိပဌာနသုတ်။ နှာ၂၃၀။ 
၎။၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခှနှစ် အတွင်း ဖြစ်ပေါ်မည့် ကမ္ဘာကြီး၏အခြေအနေ။(စာတမ်း) အမည်မသိ စာရေးဆရာ။
၅။ သီတဂူဆရာတော်ဘုရားကြီးဟောကြားသည့် တရားအသံဖိုင်။
၆။ မြန်မာပြည်ထုတ် ဂျာနယ်များ။ .
ပညာတတ်တစ်ယောက်၏ တန်ဘိုး
$
0
0
        ပညာဟူသော ဝေါဟာရမှာ မြန်မာစာပေနယ်ပယ်မှ များစွာ အသုံးပြုခဲ့ကြ၊ အတိတ်ခေတ်များကပင် တွင်ကျယ်ခဲ့ကြသောကြောင့် မြန်မာဝေါဟာရကဲ့သို့ဖြစ်နေကြသည်။ လူအများ နားလည်းသော အဓိပ္ပါယ်မှာ ငယ်စဉ်မှတက္ကသိုလ်အထိဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံပညာ ဘာသာရပ်များကို ကျောင်းဆရာ၊ ဆရာမတို့မှ တပည့်ကျောင်းသားများကို စာသင်ခန်းထဲမှာ သင်ပြ ပို့ချပေးချက်များ ဟု ဖြစ်ပေသည်။ ပညာဟူသည် ကျောင်း ကျောင်းစာများ နှင့် မကင်းနိုင်ပါ ဆရာ ဆရာမများ နှင့် သက်ဆိုင်လေ့ရှိရာ ဤအနက် အဓိပ္ပါယ် ပေါ်လွင်စေပါသည်။ ပါဠိ အဋ္ဌက ထာကျမ်းဂန်များ၌ ပ+ပ်ဥာ (ဥာ)ဓာတ်၊ ပါရှိသည်။ (ပ)ကရှေ့ဆက် ပစ္စည်းဖြစ်၍ ထူးထူး ခြားခြား အနက် အများအပြားမှုရှိနေသလို(ဥာ)ဓာတ်က သိခြင်း၊ နားလည်ခြင်း၊ ခံယူခြင်းတို့ကို ထွန်းပြ သည်။ ထို့ကြောင့် အသိတစ်ခုခု ပညာရပ် ဘာသာရပ် အတတ် တစ်ခုခုကိုကွဲကွဲ ပြားပြားစုံလင်စွာ တတ်သိ နားလည်၍ သဘောပေါက် ခြင်းကို ပညာဟူ၍ ဆိုကြသည်။ 
          ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့်တူသော (ဝါ) ယှဉ်ပြိုင်နိုင်သော အလင်းရောင် ဟူ၍ လောကမှာ မရှိဟု သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောတော်မူသည်။ သို့ဖြစ်ရာ နယ်ပယ် ကျဉ်းကျဉ်းမယူဆဘဲ မည်သည့် အသိပညာ အတတ်ပညာမဆို (၁) အပြစ်ကင်းလျှင် (၂) လက်တွေ့အသုံးချအကျိုးပြုလျှင် (၃) အများချမ်းသာကောင်းကျိုး ပြုနိုင်လျှင် ပညာပင်ခေါ်ရ သည်။ ကျောင်းစာတက္ကသိုလ်စာသာမက- ဘဝပညာ သဘာဝတ္တ ပညာစရဏ သိက္ခာဂုဏ်ရည်တို့ကို ပညာဟု အနက်အဓိပ္ပါယ် ရရှိပေသည်။ 
       ယခုအခါ ပညာတတ် တစ်ယောက်ဆိုတာ ဘာလဲ ဘယ်သူလဲ။ ပညာတက် တစ်ယောက် ဖြစ်ပုံအင်္ဂါရပ် Factors, qualities, components တွေက ဘာလဲ ဆက်လက် စဉ်းစား စီစစ် ရပေ လိမ့်မည်။ အများအားဖြင့် (B.A,M.A,PhD,M.Sc,B.Sc) ဘွဲ့များရယူထားလျှင် ပညာတတ်ဟု သတ်မှတ်လေ့ရှိကြသည်။ လောကထုံးစံအများ၏ အမှန်အရ ဤသို့ပင် ယူဆထားသင့်ပါသည်။ ပညာရွှေအိုး လူမခိုး။ ပညာသာလျှင် လူ၏ ဂုဏ်၊ ပညာတတ်မှအောက်မကျ ဟူသော စကားပုံများလည်းရှိရာ မှန်တတ်ပါသည်။ လူကြီး ဆရာ မိဘများကလည်း ဥစ္စာရဖို့ထက် ပညာရဖို့ကို ပိုမိုအရေးထားပြီးကာ - ဥစ္စာ ဟူသည် မျက်လှည့်မျိုး ပညာဟူသည် မြတ်ရွှေအိုး - ဟု မှာကြား သတိပေးလေ့ရှိရာ လူငယ် လူလက် လူကြီး အားလုံးလိုက်နာရမည်သာ ဖြစ်ပါသည်။ ပညာသင်ကြားခြင်းမှာ ရွှေအိုးမြုပ်ရသလို Human Resource လူသား၏ စစ်မှန်သော အရင်းအမြစ်ဖြစ်ပေသည်။ 
         ထို့ကြောင့် နိုင်ငံတိုင်းမှာပင် (Information Age Knowledge and Science, Science and Technology) ဟုခံယူနားလည်ကြပြီး အသိဥာဏ် ဗဟုသုတ ကြွယ်ဝစေရန် ပညာရပ်များကို အချင်းချင်း Fax,Telex,IDD, Computer ,Informationsystem များအရ သိပ္ပံ နှင့် နည်းပညာပိုမို ထွန်းကားအောင် ကြိုးပမ်းလျက် ရှိကြပေသည်၊ ဆက်သွယ်ရေးသွားလာမှု့ပိုမိုလျှင်မြန်ကောင်းမွန် လွယ်ကူလာမှု့ကြောင့် (GlobalVillage) ကမ္ဘာ့ရွာကြီး တစ်စုတစ်စည်းတည်း ဖြစ်နေပြီး ဟု သမိုင်းဆရာများမှ ပြောဆိုနေကြသည်။ ပဏ္ဍိတနဉ္စသေဝနာ ဟု မင်္ဂလာသုတ်တွင် ဘုရားရှင် ဟောကြားတော်မူခဲ့သည် အတိုင်း ပညာရှိ နှင့် ဆက်ဆံပေါင်းသင်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပေသည်၊ (၃၈) ဖြာ မင်္ဂလာ တရားတော်ထဲ တွင် ပေါင်းသင်းအပ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မင်္ဂလာတရားတော် စာရင်းထဲမှာ ထည့်သွင်းထားသော ပဏ္ဍိတသည် ပေါင်းသင်းဆက်ဆံထိုက် ဆည်းကပ်ထိုက်သင့်သောဂုဏ် အင်္ဂါများနှင့် ညီညွတ်ပြည့်စုံဘို့ လိုသည်၊ ပဏ္ဍိတကို ပညာရှိဟူ၍ အနက် မြန်မာပြန်ဆိုထားပေ သည်။ 
       ပညာရှိဟူသော စကားလုံး၌ ပညာသည် လောက်ီပညာ လောကုတ္တရာပညာ နှစ်မျိုးလုံး နှင့် သက်ဆိုင်ပေသည်။ လောကီပညာသည် လူ့လောက၌ အသုံးပြုသော စာပေကျမ်းဂန်များ ၌ ဖော်ပြထားသော အသိပညာဘာသာရပ် အမျိုးမျိုးဖြစ်ပေသည် ၊ လောကုတ္တရာ ပညာသည် ဗုဒ္ဓစာ ပေကျမ်းဂန်များ၌ ဓမ္မ နှင့် ပတ်သက်ပြီး လိုက်နာ ကျင့်သုံးရန် ညွှန်ကြား ပြောပြထားသော အသိပညာများဖြစ်ကြသည်။ 
        ပညာရှိဟူသော စကားလုံး၌ ပညာသည် လောကီ လောကုတ္တရာ ပညာနှစ်ခုလုံးနှင့် ဆက်နွယ်နေရသောကြောင့် ယင်းပညာများကို သူ့အတိုင်အတာနှင့် သူရရှိထား သော အရည် အချည်းတို့ကို ပညာရှိ ပညာတက်ဟု ခေါ်ထိုက်သင့်ပါသည်။ သို့ရာတွင် တကယ့်ပညာရှိ ဖြစ်ဖို့ရန် အတွက် မိမိတို့ တတ်မြောက်ထားသော ပညာကို ပြည့်သူအတွက် အသုံးချဘို့ လိုအပ်သင့်သည်။ ကြက်တူရွေး စကားပြောတတ်သလို ကြက်တူရွေး စာဖတ်တတ်သလို စာအုပ်ထဲတွင်ရေးထားသော စာများကို ဖတ်ရုံ သိရုံမျှနှင့် မလွယ်ပေ။ ပညာ တက် အဆင့်ရောက်ဖို့ရန် အတွက် အတွေး အခေါ်ရှိဖို့လိုသည်။ မိမိတတ်သိထားသော ပညာရပ် သည်ပြည်သူ့အတွက်ဖြစ်ရမည်။ ရွှေစစ်မစစ်မှတ်ကျောက်တင်မှ အဖြေထွက်သလို ပညာရှိ၏ ပညာသည်လည်း ပြည်သူ့အကျိုးပြု မှတ်ကျောက်တင်ကြည့်ပြီး အဖြေထွက်မှသာလျှင် ပညာစစ် ပညာမှန်ဖြစ်နိုင်ပေသည်။ ပညာစစ် ပညာမှန် မဟုတ်သော ပညာကို ပညာဟုခေါ်နေကြသော် လည်း ပညာအတုအရောင်သာဖြစ်သည်။ ထိုနည်းအတိုင်းပင် ပညာအတုရှိသော ပုဂ္ဂိုလ်သည်လည်း ပညာရှိအတုသာ ဖြစ်မည်။ ပညာစစ် ပညာမှန် ရှိမှသာ ပညာရှိအစစ် ဖြစ်နိုင်သည်။ 
       ပညာရှိအစစ်နှင့် ပညာရှိအတုကို ခြားနားထားသော တံတိုင်းများရှိသည်။ ယင်းတံတိုင်းများထဲမှ တစ်ခုမှာ ပညာရှိအတုသည် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လုပ်ခြင်းကိုတွေ့ရလေသည်၊ ပညာရှိအစစ်က နှိမ့်ချနေပြီး ပညာရှိအတုက ဦးမော့လျှက်ရှိသည်။ လောက၌ မျက်မြင်ကိုယ်တွေ့ အရလည်း ပညာရှိအစစ်သည် အရိပ်ကွယ်ရာ၌နေပြီး ပညာရှိအတုက ရှေ့တန်းထွက်၍ လူလုံးပြနေသည်ကို မကြာခဏတွေ့ရတတ်သည်။ ဗူးတောင်နစ် လို ဇောင်ကြမ်းပေါ်ဆိုသည့် စကားမှာပညာရှိအစစ် နှင့် အတုကိုခွဲခြား ပြောပြထားသော စကားဖြစ်သည်။ ရှေ့တန်း ထွက်ပြီးရပ်နေပြသော ပညာရှိအတု များသည်၊ လူပိန်းများအမြင် ၌ ခေတ်စားချင်စားနေ မည်ဖြစ်သော်လည်း အကဲဖြတ်တတ်သူများ၏ အ မြင်မှာမူ သိက္ခာမဲ့ သူစာရင်း ၀င်အဖြစ်သာ အကဲဖြတ်ခြင်းခံရသည်။ ပညာရှိအစစ်ကို မူ မှောင်ထဲတွင်အ ရိပ်ခိုနေသောာလည်း အကဲဖြတ်တတ် သူများက လူပုံအလယ်ဆွဲခေါ်လာလိမ့်မည်။ 
        မည်သည့်ခေတ် မည်သည့်လူမှုအဖွဲ့အစည်းမှာမဆို ပညာသင်ကြားမှု ရှိစမြဲဖြစ်သည်။ လူ့အဖွဲ့ အစည်းတိုင်းတွင် ပညာသင်ကြားမှုရှိသည်ဆိုသော်လည်း အတိုင်းအတာ ပမာဏချင်း ကွာခြားကြပါသည်၊ ရှေးက ရှိနှင့်သည့် အမဲလိုက်သူ သစ်ဥသစ်ဖုရှာကြသော အဖွဲ့စည်းများ၌ ပညာ သင်ကြားမှုသည်ရိုး စင်းလွယ်ကူသည်။ ကလေးများသည် မိသားစု သို့မဟုတ် အုပ်စုနှင့်အတူ လိုက်ပါရင်းသားကောင်းကြီးငယ်များ ရှာဖွေဖမ်းဆီးသောအတတ် စားကောင်းသောသစ်ဥ သစ်ဖုတို့ကို ရှာဖွေတူးဆွသော် အတတ်တိုကို သင်မှန်းမသိ သင်ယူတတ်မြောက်ကြသည်။ သူတို့အဖို့ မိဘတို့သည်ဆရာပင်ဖြစ်ခဲ့ကြသည်။ အတတ်ပညာတိုးတက်ကျယ်ဝန်းလာပြီ လူဦးရေလည်း ထူထပ်များပြားလာသော လူအဖွဲ့အစည်း များ၌ ပညာသင်ကြားပေးကြသော အလုပ်ကိုအထူးပြုလုပ်ကိုင်သည့် ဆရာ ဆရာမများနှင့် စာ သင်ကျောင်းများပေါ်ပေါက်လာသည်။ ယနေ့ခေတ်ကာလ၌ ကမ္ဘာ့နိုင်ငံအများ အပြား၌ပင် လူတိုင်း လူတိုင်း အနိမ့်ဆုံး အသက်(၁၈)နှစ် လောက်အထိတော့ ပညာသင်ကြားသင့်သည်ဟူသော ခံယူမှု မျိုးရှိလာကြသည်အထိ ပညာရေး၏ အခန်းကဏ္ဍ ကြီးမားခဲ့ပြီဖြစ်သည်။ 
      လူအဖွဲ့အစည်းအတွင်း ပညာရေးဆိုသော အခြင်းအရာ ပေါ်လွင်လာသည့် အချိန်မှစတင်ကာ၊ ယင်းနှင့်စပ်လျဉ်း၍ရူထောင့် ဖုံဖုံမှ သုံးသပ်ပြောဆိုမှုများ ရှိလာခဲ့သည်။ အမေရိကန် ပညာရေးသမားတစ်ဦးဖြစ်သူ ဟော်ရေစ်မန်း (Horace Mann 1769-1859) ပြောခဲ့သော စကားတစ်ခွန်းက အောက်ပါအတိုင်းဖြစ်သည်။ A human being is not, in any proper sense, a human being till he is educated. တကယ့်အစစ်အမှန် သဘောပြောကြမည် ဆိုလျှင် လူတစ်ယောက်သည် ပညာတတ်မြောက်ပြီး မှသာတကယ်အရည်မှီသောသူ၊ လူဟူ၍ ထိုက်ထိုက်တန်တန်ခေါ်ဆိုလောက်သူဖြစ်သည်။ သည်သဘောကိုပင် အင်္ဂလိပ်အက်ဆေး ဆရာ ဂျိုးဇက် အက်ဒီဆင် (Joeseph Addison1672-1719) က ယခုလိုတင်စားရေးဖွဲ့ဆို၍ပြောပြသည်။ What sculpture is to a block of match, education is to the human soul? The Philosopher, the saint, the hero, the wise, and the good, of the great, very often lie hid and concealed in a plebeian, which a proper education might have disinterred and brought to light. ပန်းပုဆရာသည် ကျောက်တုံးအပြင်သားကို ခွာပြီး သူ့စက္ခုအာရုံတွင် မြင်ယောင်တည်ရှိနေ သည့် ပန်းပုရုပ်ကိုဖော် ထုတ်ယူသကဲ့သို့ သင့်တင့်လျှောက်ပတ်သော ပညာရေးသည်လည်း သာမန်လူတယောက်၏ ကိုယ်ထဲတွင် ပုန်းခိုကိန်းအောင်းနေသည့် တွေးခေါ်ရှင်၊ သူတော်စင် လူစွမ်းကောင်း၊ ပညာရှိ၊ လူကောင်းလူမွန်၊ ဧရာမပုဂ္ဂိုလ်ကျော် စသည်များကို မြုပ်နေရမှ ဖော်တူး ကာ အလင်းရောင်အောက်သို့ ပို့ဆောင်းပေးပေသည်။ လူသားအရိုင်းသည် ပညာနှင့်ပေါင်းစပ်မှ တန်းဘိုးရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်သည် ဟု သူဆိုလိုသည်။ အထက်က ပုဂ္ဂိုလ်နှစ် ယောက်လုံးပင် ပညာရေး၏ တန်ဘိုးတို့ကို အလေးထား ပြောဆိုနေကြသည်။ 
        ပညာရေးဟူသည် နှင့် စပ်လျဉ်း၍ ဖွင့်ဆိုမှုများပြုလုပ်ကြသကဲ့သို့ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်သင့်သည်၊ လူငယ်လေးများအား ပညာသင်ကြားပေးရာတွင်မည် သို့သော် ဦးတည်ချက်မျိုးထားရှိသင့်သည် ဟူ၍ စဉ်းစားဝေဖန်ပြောဆိုမှုများလည်း အများအပြားရှိ သည်။ အမေရိကန် စာပေပညာရှင်တစ်ဦးဖြစ်သူ ထရိုင်ယွန်အက်ဒဝပ်(စ်) 1809-94 က The great end of education is, to discipline rather than to furnish the mind, to train it to the use of its own powers, rather than fill it with the accumulations of others. ပညာရေး၏ ပဓာနရည်မှန်းချက်သည် ပညာသင်ယူသူ၏ စိတ် (ဦးနှောက်)ထဲသို့ အချက်အလက် များဖြည့်တင်းပေးရန် ထက်သူ့အား စည်းစနစ်ပေး လေ့ကျင့်ရန်အတွက်သာဖြစ်သည်။ ဟုဆိုသည်။ အများပြည်သူတို့ ပညာတတ်ရန် အရေးကြီးပုံအကြောင်းနှင့်စပ်လျဉ်း၍ ဂျာမန်လူမျိုး ပြုပြင်ပြောင်း လဲရေး သမားကြီး မာတင်လူသာ 1483-1546 က လည်း- The prosperity of a country depends, not on the abundance of its revenues, nor on the strength of its fortifications, not on the beauty of its public buildings: but it consists in the numbers of tits cultivated citizens, in its men of education. Enlightenment and character. တိုင်းပြည်တစ်ပြည်ရဲ ဖွံဖြိုးစည်ပင်မှုဟာ အခွန်ဘဏ္ဍာပေါများကြွယ် ဝမှုပေါ်မူတည်တာ မဟုတ်ပေ၊ ရဲတပ်ကြီးခံတပ်ကြီး တောင့်တင်းခိုင်မာမှုပေါ်မှာလည်းမတည်ပေ။ မြို့ပြတိုက်တာ အဆောက် အဦးတွေရဲ့လှပခမ်းနားမှုပေါ်မှာလည်း တည်တာမဟုတ်ပေ။ အဲ့ဒီတိုင်းပြည်မှာ ယဉ်ကျေးတတ် ကျွမ်းတဲ့ နိုင်ငံသားတွေ ဘယ်လောက်ရှိသလဲ ပညာတတ်သော၊ ဥာဏ်အမြင်ပွင့်လင်းသော ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်တွေ ဘယ်လောက်များရှိသလဲ ဆိုတဲ့ အချက်ပေါ်မှာသာ မူတည်တယ်ဟူ၍ ဆိုခဲ့သည်။ 
       အင်္ဂလိပ်လူမျိုး လူမှုပြုပြင်ရေးသမားကြီး ဂျွန်ရပ်စကင်း1819-1900 က Education is the leading of human souls to what is best, and making what is best out of them; and these two objects are always attainable together, and by the same means. The training which makes men happiest in them also makes them most service able to others. ပညာသင်ကြားခြင်းဟူသည် လူ့နုလုံးသားကို အကောင်းဆုံးအရာများဆီသို့ လမ်းပြခေါ် ဆောင်သွားခြင်း၊ ထို့နောက် ထိုနုလုံးသားများအား အကောင်းဆုံးအနေအထားများ ဖြစ်ပေါ်လာ အောင် ဖန်တီးပေးခြင်းဖြစ်သည်။ အဆိုပါ ဦးတည်ချက် နှစ်ရပ်လုံးသည် တစ်ခုတည်းသောနည်း လမ်းဖြင့်ပင် တစ်ပြိုင်နက်ရရှိနိုင်သော အရာများဖြစ်သည်။ လူတို့အား မိမိကိုယ်တိုင် အတွက် စိတ်ချမ်းသာမှုအများဆုံး ရရှိစေသည့် ထိုလေ့ကျင့် သင်ကြားမှုသည် မိမိသူတပါး အတွက် အများဆုံး အသုံးဝင် အကျိုးပြုနိုင်သူများ ဖြစ်လာစေသည် ဟု ရှင်းလင်းပြောဆိုခဲ့သည်။ ပညာတတ်ဟူသည် မည်သို့ပညာသင်ယူရမည် ကို သင်ယူတတ်မြောက်ပြီးသူ၊ (An educated person is one who has learnt how to learn) ဟူသော အနက်ကောက် ရှိပါသည်။ ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကျောင်းမနေရသော်လည်း ကျောင်းပြင်ပ ပညာရေး (informaleducation) နှင့်တတ်မြောက်သူကို လည်း ပညာတတ်များတွင် ထည့်နိုင်သည်။ မည်သည့် ပုဂ္ဂိုလ်မျိုးကို ပညာတတ်ဟုခေါ်ဆိုနိုင် ကြောင်း အကဲဖြတ် မှတ်ချက်ပေးသော အဆိုအမိန့်တစ်ခုကို ဖော်ပြလိုပါသည်။ 
     ပညာတတ်ဟူ သည် ကျောင်းသင်ခန်းစာများကို ကျေညက်ရုံသာမက အခြားမည်သို့သော အရည်အချင်း အစွမ်း သတ္တိများပါရှိအပ်ကြောင်း ၊ အမေရိကန်ပညာရေးသုတေသီနစ်ကလတ်(စ်)လတ္တလာ 2862-1947 ကပြောကြားခဲ့ပါသည် ။ ဘတ္တလာက-There are five testes of the evidence –correctness and prediction in the use of the mother tongue; refined and gentle manners, the results of fixed habits of thought and action; sound standards of appreciation of beauty and of worth, and a character based on these standards; power and habit of reflection; efficiency or the power to do. ပညာတက်ဖြစ်ကြောင်း မှတ်ကျောက်တင်နိုင်သည့် ထင်ရှားသော လက္ခဏာ(၅)ရပ် ရှိသည်။ 
    ယင်းတို့မှာ မိခင်ဘာသာစကားတို့ကို တိကျမှန်ကန်စွာ သုံးစွဲတတ်ခြင်း၊ ကျင့်သားရနေ သော တွေ့အကြုံနှင့် အလုပ်ကိုဆောင်ရွတ်ပုံတို့ကို အခြေခံ၍ ဖြစ်ပေါ်လာသည့် ရည်မွန်သိမ်းမွေ့ သော အမူအရာရှိခြင်း၊ အလှရသနှင့် တန်ဘိုးအဆင့်အတန်းတို့ကို မှန်ကန်စွာ ဝေဖန်ပိုင်ခြားသိမြင် နိုင်စွမ်းရှိခြင်းနှင့် ယင်စံနှုန်းတန်ဘိုး အဆင့်အတန်းတို့ကို အခြခံသည့် စိတ်ဓာတ်စရိုက်ရှိခြင်း၊ ပြန် လည်း သုံးသပ်ဆင်ခြင်နိုင်သော စွမ်းအားနှင့် ယင်းသို့ သပ်ဆင်ခြင်တက်သည့် အလေ့အထရှိခြင်း ကိစ္စရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော အရည်အချင်း သို့မဟုတ် စွမ်းရည်သတ္တိ ရှိခြင်းစသည်တို့ဖြစ်သည်ဟူ၍ ဆိုခဲ့ပါသည် ။ ပညာတတ်တစ်ယောက်ဖြစ်လျှင်(Academic) အရဖြစ်စေ၊ ပင်ကိုယ်ဝါသနာ စေတနာ အလုပ်သဘောအရ ဖြစ်စေ (Professional) လုပ်ငန်းအရဖြစ်စေ၊ တန်ဘိုးထားရ၏။ တန်ဘိုး (value) ဟူသည်အဘယ်နည်း၊ (၁) ထိုက်ထိုက်တန်တန်ဖြစ်နေခြင်း၊ သင့်တင့်ကောင်းမွန်စွာအ ဆင်ရှိရခြင်း၊ (၂) လူများစုမြတ်နိုးလိုလားရယူ အရေးထားသောအရာ၊ အလုပ်၊ အဆင့်၊ အယူဝါဒ၊ ယုံကြည်ချက်ကို တန်ဘိုး (value) ဟုအနက်အဓိပ္ပါယ်ဖော်ရာ (subjectiveindividual) တစ်ဦးချင်း၏မူဝါဒမဟုတ် (objective) လူအများတွက်မူဝါဒထားရှိရသော၊ အကျိုးရှိသော လက်တွေ့ကျသောကိစ္စကိုသာ တန် ဘိုးဟုသတ်မှတ်ရမည်။ အားလုံးတွက်ထားရမည့် တန်ဘိုးမှာ ကာယ၊ ၀ိဇ္ဇာ၊ ဥာဏ၊ ဘောဂ၊ မိတ္တ၊ စိတ္တဟူသောဗလ ငါးတန်တန်ဘိုးကြီး (၅) ခုတို့ကိုဆိုလိုပါသည်။ ကျန်းမာရေးသည် တန်ဘိုး၊ စိတ်ဓာတ်ကြံခိုင်သမာဓိ ရှိသည်တန်ဘိုး၊ ဗဟုသတများပြီး ဥာဏ်အသိအမြော်မြင်မူ ထက်မြက်ခြင်းသည်တန်ဘိုး၊ ပေါင်း သင်းဆက်ဆံမူလည်းတန်ဘိုး၊ အကျင့် စရဏကောင်းမွန်မူလည်း တန်ဘိုးဟူ၍ သိရပါသည်။ ပညာသည် တန်ဘိုးရှိသောကြောင့် ပညာကို ရယူပိုင်ဆိုင်ထားသော ပညာတတ်သည်လည်း တန်ဘိုးရှိပါသည် ။ 
        နိဂုံးချုပ်ပြောရလျှင်…ပညာရဲ့တန်ဘိုးဆိုတာ သို့မဟုတ်သဘောတူထားပြီး ပြောရင် ပညာတတ်တစ်ယောက်ရဲ့တန်ဘိုးဆိုတာ လူအဖွဲ့အစည်းကို လူသားတို့ရဲ့ အမြင့်ဆုံး တန်ဘိုးများဖြစ်တဲ့ တရားမျှတခြင်း လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း ခွင့်တူညီမျှရခြင်း ဖြူစင်ခြင်းတွေနဲ့ပြည့်စုံအောင် တည်ဆောက်ထူထောင်ရာမှာ ပညာတတ်တယောက်အနေနဲ့ ဘယ်လောက် ဘယ်ပုံ ဘယ်နည်း ပါဝင်နိုင်တယ် ။ ပါဝင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါကြောင်း-- 
          ကျမ်းကိုး--------- စာရေးဆရာပါရဂူ ၊ ဦးဟန်ဌေး (သုတေသန) မောင်ခင်မင်း (ဓနုဖြူ) ၊ဖေမြင့်၊----- ပညာတတ်တစ်ယောက်၏တန်ဘိုး---- မြန်မာဖိုရမ်မိသားစု--- ဧပြီလ-၂၀၀၉။ 
 အရှင်သုန္ဒရ (Research Scholar) 
A.I.H.C & Archaeology Deptt, 
BHU,Varanasi, India 
မျက်မှောက်ခေတ်သာသနာ နှင့် အင်တာနက်
$
0
0
        အနှိုင်းမဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမ စကားတော်တို့ကို သာသနာဟု ခေါ်ပေသည်။ ထိုသာသနာတော်သည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟု သုံးတန်တည်ရှိပေသည်။ ထိုတွင် ပရိယတ္တိဟူသည် ပိဋကတ်စာပေသင်ကြားမှု ဖြစ်၏။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရားဖြစ်သည်။ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်မှုဖြစ်သည်။ ပဋိဝေဓ ဟူသည်မှာမူ- မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်းဖြစ်သည်။ 
         ထိုသာသနာတော် သုံးရပ်တို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ- ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြု နေကြသည်၊ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်၊ မှန်ကန်သော ပဋိပတ်ကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာကို ဆိုက်ရောက်နိုင်ပေသည်။
 ဥပမာ ဆိုရသော်- ပရိယတ္တိသာသနာသည် ကန်ဘောင် နှင့် တူသည်၊ ပဋိပတ္တိ သာသနာ သည် ရေနှင့်တူသည်၊ ပဋိဝေဓသာသနာသည် ကြာနှင့်တူသည်။ ထိုဥပမာအရ-ကန်ပေါင်ရှိမှ ရေတည်သည်၊ ရေတည်မှ ကြာရှိနိုင်သည်၊ ထိုကြောင့် ကန်ပေါင်တည်းဟူသော ပရိယတ္တိ မကျိုးမပေါက် မပျက်မစီးရအောင် အားထုတ်ကြ ရပေမည်၊ ကန်ပေါင်တည်းဟူသော ပရိယတ္တိ ကောင်းမွန်ခိုင်ခန့်နေသမျှ ကာလပတ်လုံး ပဋိပတ္တိ ရေတည်ရှိပေမည်။ ရေတည်းဟူသော ပဋိပတ္တိ ရှိနေသမျှ ကာလပတ်လုံး ကြာပန်းတည်းဟူသော ပဋိဝေဓသည်လည်း တည်ရှိနေမည်သာ ဖြစ်သည်။ 
        သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အတွက် ရှင်တော် မြတ်ဘုရားက လမ်းစဉ် နှစ်ရပ်တို့ကို ချမှတ်ပေးခဲ့သည်။ ထိုလမ်းစဉ်တို့မှာ- 
 (၁) ဂန္ထဓူရ= စာပေပရိယတ္တိ သင်ကြားပို့ချခြင်း၊
 (၂) ၀ိပဿနာဓူရ= သမထ ၀ိပဿနာ ပွားများ အားထုတ်ခြင်း တို့ဖြစ်ပေသည်။ 
         သာသနာ့ဘောင် ၀င်ရောက်လာပါက ထိုနှစ်ခုတို့တွင် တစ်ခုခုကိုသော်လည်း ကောင်း၊ စွမ်းဆောင်နိုင်ပါက နှစ်ခုလုံးကိုသော်လည်းကောင်း ထမ်းဆောင်ကြရပေမည်။ 
         ဘုရားရှင်ခေတ်က ရဟန်းတော်တို့၏ လုပ်ဆောင်ချက်တို့ကို လေ့လာကြည့်သည် ရှိသော် အရွယ်ငယ်ရွယ်တုံး သာသနာ့ဘောင်ဝင်ရောက်လာပါက ဓူရနှစ်ခုလုံးတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ကြ၍ သက်တော် ကြီးရင့်သည့်အချိန် ရောက်လာပါက ၀ိပဿနာဓူရကိုသာ ပြီးစီးပေါက်မြောက်အောင် ဖြည့် ကျင့်ကြသည်။ ရှေးရှေးသော ဆရာတော် သံဃာတော်တို့သည်လည်း ထိုကဲ့သို့သော ဆရာ့ဆရာနည်းတို့ကို အတုယူလိုက်နာကြလျက် ရဟန်းကိစ္စတို့ကို ပြီးစီးအောင်မြင် စေကြကာ ရဟန်းပြုရခြင်း၏ ပဓာန ပန်းတိုင်ဖြစ်သော သန္တိသုခဓာတ်တို့ကို ရရှိကြပြီး အေးချမ်းတော် မူကြပေသည်။ 
          အမိမြန်မာနိုင်ငံတော်၏ မျက်မှောက်ခေတ်သာသနာကို လေ့လာရှိသည်ရှိသော် ကမ္ဘာက အထင်ကြီး လေးစားဂုဏ်ယူရလောက်အောာင် စည်ပင်ဖွဲ့ဖြိုးနေဆဲပင် ဖြစ်သည်။ ရဟန်းတော် တို့သည် မြတ်ဗုဒ္ဓ၏ ဓူရနှစ်ဖြာကို အလေးထား၍ များသောအားဖြင့် စာသင်တိုက်၊ တရားရိပ်သာတို့ ဖွင့်လှစ်ကြကာ သာသနာပြုနေကြသည်။ စာသင်တိုက်တို့တွင် ဂန္ထဓူရကို အလေးထား၍ ၀ိပဿနာ ဓူရကိုလည်း တစ်နွယ်ငင် တစ်စင်ပါ ဖြည့်ကျင့်ကြသည်။ ရိပ်သာတို့တွင် ၀ိပဿနာဓူရကို အဓိကဖြည့်ကျင့်ကြ၍ ဂန္ထဓူရကိုလည်း ထမ်းဆောင်ကြသည်။ စာသင်တိုက် ၊ ရိပ်သာ အမည်မတပ်ထားသော အခြားကျောင်းတိုက်တို့သည်လည်း လမ်းစဉ်နှစ်ရပ်တို့ကို လိုက်နာကျင့်သုံးကြပြီး ပရဟိတလုပ်ငန်းတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြကာ လောကကောင်းကျိုးအတွက် ထမ်းဆောင်နေကြပေသည်။ 
          ယင်းကဲ့သို့ ဆရာ ဒကာ လက်တွဲညီညွတ်စွာ သာသနာပြုနေကြသောကြောင့် အမိမြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံအဖြစ် ထင်ရှားနေဆဲပင်ဖြစ်သည်။ ထိုကဲ့သို သာသနာဖြန့်ဖြူးနေကြသော ရဟန်းတော်တို့၏ အဓိက ရည်ရွယ်ချက်မှာ မြတ်ဗုဒ္ဓ၏ သူတော်ကောင်းတရားများ ဆက်လက်ပြန့်ပွား ထွန်းကားစေရန်၊ လိုက်နာကျင့်သုံးကြပြီး အငြိမ်းဓာတ်ကို ရရှိခံစားစေရန်၊ သူတော်ကောင်းတရား များ ရေရှည်တည်တံ့စေရန်၊စသည်တို့ပင် ဖြစ်သည်။ 
           သူတော်ကောင်းတရားကို ဖြန့်ဖြူးနေကြသော ရဟန်းတော်တို့သည် စည်ပင်နေသော သာသနာပြုလုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက် လည်ပတ်နိုင်ရန်၊ လမ်းလျှောက်ရင်း လမ်းမပျောက်စေရန်အတွက် ဘုရားရှင် မိန့်မှာခဲ့သော သာသနာကွယ်ကြောင်းတရားတို့ကို သတိပြု ရှောင်ကြည်ကြရပေမည်။ 
ယင်းသာသနာကွယ်ကြောင်း တရားတို့မှာ- 
(၁) ရဟန်းတော်များ တရားတော်တို့ကို ရိုသေစွာ မနာယူကြခြင်း၊ (တရားတော်ကို မနာယူကြဘဲ တစ်ခြားအပျော်အပါးများကိုသာ ခုံမင်နေကြခြင်း)။ 
(၂) ရဟန်းတော်များ တရားတော်တို့ကို ရိုသေစွာ မသင်ယူကြခြင်း၊ ( စာပေမသင်ဘဲ တစ်ခြားအလုပ် များဖြင့်သာ အချိန်ကုန်နေကြခြင်း)
 (၃) ရဟန်းတော်များ တရားတော်တို့ကို ရိုသေစွာ မဆောင်ယူကြခြင်း၊ 
(၄) ဆောင်ထားပြီးသော တရားတို့၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ ဥာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ကြခြင်း။ (၅) အနက်သဘော တရားသဘောကို သိ၍ တရားအားလျော်သောအကျင့် (သီလ သမာဓိ ပညာ)ကို ရိုသေစွာ မကျင့်ကြခြင်း။ 
တနည်းအားဖြင့်-
 (၁) ပိဋကတ်စာပေတို့ကို မသင်ယူကြတော့ခြင်း၊ ( ပိဋကတ်စာပေတို့ကို သင်ကြားပေးမည့် စာချဆရာတော်နှင့် သင်ယူမည့် စာသင်သား မရှိတော့သဖြင့် စာပေသင်ကြားမှု အားနဲလာခြင်း) 
(၂) နာယူသင်ယူပြီးသော တရားတော်တို့ကို အကျယ်အားဖြင့် သူတပါးတို့အား မဟောကြားကြခြင်း၊
 ( တရားဒေသနာတော်တို့ကို အကျဉ်းလေးမျှ ဟောကြပြီး အများလူပြိန်းကြိုက် ဇာတ်ကြောင်းတို့ကိုသာ ချဲ့ထွင်ကာ ဟောပြောကြခြင်း) 
(၃) နာယူသင်ယူပြီးသော တရားတော်တို့ကို အကျဉ်းမျှသာ ပို့ချသင်ကြားပေး၍ အကျယ်အားဖြင့် သူတပါးတို့အား မပို့ချကြခြင်း။
 (၄) နာယူသင်ယူပြီးသော တရားတော်တို့ကို အကျယ်အားဖြင့် ရွှတ်ဖတ် သရဇ္ဈာယ်မှု မပြုကြခြင်း။
 (၅) နာယူသင်ယူပြီးသော တရားတော်တို့ကို စိတ်ဖြင့် အဖန်ဖန် ကြံစည် သုံးသပ်မှု မပြုကြခြင်း။ 
တနည်းအားဖြင့်- 
(၁) မကောင်းသဖြင့် သင်ယူထားသော ပါဠိတော်တို့ကို ထိုနည်းအတိုင်း ပုဒ်ဗျည်းမှားတို့ဖြင့် သင်ကြားပို့ချကြခြင်း၊(ထိုပုဒ်ဗျည်းမှားတို့ကြောင့် အနက်သဘောကို သိရန်မလွယ်ကူပေ။) 
(၂) ရဟန်းတော်တို့သည် ပြောဆို ဆုံးမရ ခက်ခဲလာကာ သည်းခံမှု မရှိကြခြင်း။ 
(၃) ပိဋကတ်တတ်ကျွမ်းကုန်သော ရဟန်းတော်တို့သည် ပါဠိတော်တို့ကို သူတစ်ပါးတို့အား ရိုသေစွာ မသင်ကြားပေးကြတော့ခြင်း။ (ထိုရဟန်းတို့ ပျံလွန်တော်မူသောအခါ ပါဠိတော်တို့သည် အမြစ် အရင်းပြတ်၍ ထောက်တည်ရာ မရှိတော့ချေ။)
 (၄) မထေရ်ကြီး ရဟန်းတော်တို့သည် သီလသိက္ခာကို လျှော့ပေါ့စွာ ကျင့်ကြပြီး လာဘ်လာဘ ပေါများရန် ဘုန်းကြီးရန်သာ ကျင့်နေကြခြင်း။ ( ထိုအခါ နောက်လိုက် တပည့်တို့သည် ဆရာကို အတုလိုက်၍ ကျင့်ကြ၏။) 
(၅) သံဃာကွဲပြားပြီး အချင်းချင်း ဆဲရေးခြိမ်းချောက်နေကြခြင်း။ ( ရဟန်းသံဃာ အချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ဂိုဏ်းစွဲ ၀ါဒစွဲ ဆရာစွဲတို့ဖြင့် မညီမညွတ် ဖြစ်နေကြခြင်း။) 
တို့ဖြစ်သည်။ 
    ဤကဲ့သို့ မြတ်စွာဘုရားသည် သာသနာကွယ်ကြောင်းတရား (၁၅)ပါးတို့ကို အဂုင်္တ္တိုရ် ပါဠိတော်၌ ဟောကြားတော်မူခဲ့သည်။ 
        ထိုတရားတို့ကို မှတ်သားရ လွယ်ကူစေရန် ၀ိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက အောက်ပါကဲ့သို့ လင်္ကာ စပ်ဆိုခဲ့ပေသည်။
      အဂုင်္တ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မ၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း။ ထ၀ါထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့ မအံ၊ မကြံမစည်၊ ဤငါးလီတည်း။ ၀ါ တနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျင့်သင်ကြား၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။
          ကမ္ဘာတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံများ အဖြစ် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို အားဖြင့် (၅) နိုင်ငံတို့သည် ထင်ရှားသည်။ ထိုနိုင်ငံများတွင်လည်း မြန်မာနိုင်ငံသည် အခြားနိုင်ငံများထက် ပိဋကတ်စာပေ တတ်ကျွမ်းမှု၊ ပဋိပတ်သာသနာ ထွန်းကားမှုတို့တွင် ပိုမို ကောင်းမွန်သည်ဟု များသောအားဖြင့် လက်ခံ အသိမှတ်ပြုကြပေသည်။ 
         သို့သော် ကမ္ဘာတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ပိုမို ထွန်းကားသော နိုင်ငံအဖြစ် သီရိလင်္ကာ နှင့် ထိုင်းတို့ကိုသာ လူသိများကြပြီး မြန်မာကိုကား သိသူ နည်းပါးလှပေ၏။ ထို့သို့ ဖြစ်ရခြင်းမှာ မြန်မာ ရဟန်းတော်များ၏ အင်္ဂလိပ်စာပေတတ်ကျွမ်းမှု နည်းပါးခြင်း၊ မြန်မာနိုင်ငံ၏ ကမ္ဘာသို့ ဖြန့်ဝေသော မီဒီယာ အားနဲခြင်း စသည်တို့ကြောင့် ဖြစ်ရသည်ဟု ကောက်ချက်ချမိပေသည်။ 
       သီရိလင်္ကာ ရဟန်းတော်များသည် ပိဋကတ်စာပေတို့ကို အင်္ဂလိပ်လို ဘာသာပြန်နိုင်ကြပြီး ကမ္ဘာသို့လည်း ဖြန့်ဝေနိုင်ကြပေ၏။ ထို့အတူ ထိုင်းရဟန်းတော် များမှာ အင်္ဂလိပ်လို ဘာသာပြန်မှု အားနဲသော်လည်း မီဒီယာ ဖြန့်ဝေမှုကား အားကောင်းလှပေသည်။ ဥပမာဆိုရသော်- ထိုင်းတို့၏ မီဒီယာ ဖြန့်ဝေမှု အားကောင်းမှုကြောင့် ရွှေတိဂုံ ဘုရားသည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက အယုဒ္ဓယမြို့ကို သိမ်းပိုက်ပြီး ယူဆောင်သွားသော ရွှေများဖြင့် တည်ထားသည်ဟု မှတ်ထင်နေ ကြသော နိုင်ငံခြားသား အချို့တို့ကို တွေ့ဘူးပေသည်။ 
        ယခုအခါ မြန်မာနိုင်ငံသည် ယခင်ကကဲ့သို့ ရှေးရိုးစွဲ ၀ါဒီများ အားမကောင်းတော့ပေ။ မီဒီယာများလည်း အထိုက်အလျှောက် ပွင့်လင်းလွတ်လပ် လာကြပေပြီ။ ထို့ကြောင့် ဓမ္မဂဝေသီ နိုင်ငံခြားသားများစွာတို့သည် မြန်မာနိုင်ငံသို့ လာရောက်ကြပြီး ငြိမ်းချမ်းသော မြတ် ဓမ္မ၏ အေးရိပ်ကို ခိုလှုံနေကြပေပြီ။ စနစ်သစ်တစ်ခုကို စတင်လမ်းဖောက်သောသူအတွက် ဝေဖန်မှုဒဏ် အနဲနှင့် အများ ခံကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။
        တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး သည်ပင် ကျမ်းစာအုပ်များ စတင်ရေးသားပြီး ထုတ်ဝေစဉ်က လူထွတ်လိမ့်မည်ဟူသော ဝေဖန်မှုဒဏ်ကို ခံခဲ့ရသည်။ သို့သော်လည်း ဆရာတော်ဘုရားကြီး၏ မှန်ကန်သော စိတ်ဓာတ်နှင့် မှန်ကန်သော လုပ်ရပ်တို့ကြောင့် ယခုအချိန်ထိ ဆရာတော်၏ ကျမ်းစာအုပ်များ မရှိမဖြစ် ကြည့်ရှုနေကြရကာ မှတ်ကျောင်တင်ခံနေရဆဲပင် ဖြစ်သည်။ 
        ထို့အတူ ရဟန်းတော်များ အင်္ဂလိပ်စာပေကို စတင်သင်ကြားချိန်ကလည်း ထိုအရှင်တို့ ဝေဖန်မှုဒဏ်ကို အမျိုးမျိုး ခံခဲ့ကြရပေသည်။ ထိုအရှင်တို့၏ မဆုတ်မနစ်သော ဇွဲသတ္တိတို့ကြောင့် ယခုအခါ ရဟန်းတော်များ၏ အင်္ဂလိပ်စာ သင်ကြားမှုကို အားပေးနေကြပေပြီ။ အင်္ဂလိပ်စာပေတတ်ကျွမ်းမှု၏ အကျိုးဆက်အဖြစ် လယ်တီဆရာတော်၊ မစိုးရိမ်ပထမကျော်အရှင်ဥာဏ၊ အရှင်အာဒိစ္စ၀ံသ၊ အဂ္ဂါဘိဓဇ အရှင်သေဋ္ဌိလ၊ မဟာစည်ဆရာတော်၊ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ တို့မှသည် ဖားအောက်တောရဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ၊ သီတဂူဆရာတော်တို့ ခေတ်တိုင်အောင် အဆက်ဆက်မြန်မာအရှင်တို့သည် ပြည်တွင်းသာသနာ ဖွံ့ဖြိုးစည်ပင်မှုအတွက်သာမက ပြည်ပ သာနာပြန့်ပွားတိုးတက်ရေးအတွက်ပါ ကြိုးပမ်း အားထုတ်နိုင်ကြပေသည်။ 
   ယခုအခါ နည်းပညာတို့၏ တိုးတက်ပြောင်းလဲမှုတို့ကြောင့် ကမ္ဘာသည် ရွာဖြစ်ပြီဟု ပြောစ မှတ်ပြုနေကြ၏။ တိုးတက်လာသော နည်းပညာတို့၏ ကျေးဇူးကြောင့် ကမ္ဘာ့ အနောက်ဖျားက ပြဿနာကို စက္ကန့်ပိုင်းအတွင်း ကမ္ဘာ့အရှေ့ဖျားက မြင်တွေ့နိုင်ကြ၏။ ပေါ်ပြူလာ ဖြစ်နေသော အင်တာနက်ကို တကမ္ဘာလုံးက သုံးစွဲနေကြပေ၏။ 
     ယခုအခါ ရဟန်းတော်တို့သည်လည်း ခေတ်ရေစီးကြောင်းနှင့်အတူ အင်တာနက် ကို ကျယ်ပြန့်စွာ အသုံးပြုနေကြပေသည်။ သုံးစွဲခြင်း၏ အကျိုးတရားအဖြစ် မိမိတို့၏ သာသနာရေး ဆောင်ရွက်ချက်တို့ကို စက္ကန့်ပိုင်းအတွင်း တကမ္ဘာလုံးကို ဖြန့်ဝေနိုင်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ သိလိုသော မေးခွန်းများကို ဖြေကြား၍၄င်း၊ ဘာသာရေးနှင့်ပတ်သက်သော စာမူများ ရေးသားကာ ၀က်ဆိုက်၊ ဘလော့များ ဖွင့်၍၄င်း၊ ကမ္ဘာ့ အရှေ့ဖျား နှင့် အနောက်ဖျား သာသနာပြုနေကြသူ အချင်းချင်း အသိပညာ အတတ်ပညာနှင့် အတွေ့အကြုံများကို နှီးနှော ဆွေးနွေး တိုင်ပင်လျက်၎င်း သာသနာပြုနိုင်ကြသည်။ ၄င်းအပြင် ပိဋကတ်သုံးပုံနှင့် အဖွင့် အဋ္ဌကထာ၊ ဋီကာ တို့ကို နိဿယ၊ မြန်မာပြန်၊ အင်္ဂလိပ် ဘာသာပြန်နှင့် တကွ အင်တာနက်တွင် တင်ထားပြီးဖြစ်၍ သိလိုသော အကြောင်းအရာကို ကီးဘုတ်တစ်ချက်ခေါက်ကာ ရှာဖွေနိုင်ပေသည်။ ဓမ္မကထိက ဆရာတော်ကြီးများ၏ သုတ္တန်၊ အဘိဓမ္မာ၊ ၀ိပဿနာ စသော ကဏ္ဍစုံ တရားတော်တို့ကို မိမိတို့စိတ်ကြိုက် နာယူနိုင်ကြကာ ကျင့်ကြံ အားထုတ်နိုင်ကြပေသည်။ 
       အင်္ဂလိပ်စာ သင်ယူလိုသော ရဟန်းတော်များအတွက် မိမိတို့ စွမ်းနိုင်ရာ Level အလိုက် ဂရမ္မာ၊ အရေး၊ အဖတ်၊ အပြောတို့ကို ၀က်ဆိုက်များစွာတို့တွင် စိတ်တိုင်းကျ သင်ယူနိုင်ပေသည်။ အသံထွတ် မှန်ကန်စေရန်အတွက် အင်္ဂလိပ်အစစ်တို့ သင်ကြားပေးထာသော အသံထွတ်တို့ကို နားထောင်နိုင်သည်။ ဆော့ဝဲလ် စသော နည်းပညာလေ့လာလိုသူများအတွက် ၀က်ဆိုက်များစွာတို့တွင် နည်းပညာတို့ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရှင်းလင်းတင်ပြပေးထားသဖြင့် တတ်ကျွမ်းအောင် သင်ယူနိုင်သည်။ အင်တာနက်သည် သုံးစွဲတတ်သူများအတွက် ရှာမှီး၍ မကုန်နိုင်သော ဗဟုဿုတ ဘဏ္ဍာတိုက်၊ ဗဟုဿုတ ဟင်းလေးအိုးကြီးပင် ဖြစ်သည်။ မသိသူ ကျော်သွား၊ သိသူ ဖော်စားနေကြသည့် ရတနာတစ်ခုပင်ဖြစ်သည်။ 
         ထိုကဲ့သို့ တန်ဘိုးရှိသော အရာများကို မထုတ်ယူကြဘဲ Gmail,hotmail,yahoo mail,target, Gtalk, facebook, twitter, VZO, skype စသည်တို့တွင် အကောင့်အမျိုးမျိုး ဖွင့်၍ စကားပြောခြင်း၊ချတ်တင်းထိုင် ခြင်းတို့ဖြင့်သာ အချိန်ကုန်နေကြပါက အင်တာနက် သုံးစွဲရခြင်းကား အကျိုးမများလှပေ။ အရာရာတိုင်းတွင် အကောင်းနှင့် အဆိုး ဒွန်တွဲနေကြသည်မှာ ဓမ္မတာဖြစ်၍ အဆိုးတို့ကို စွန့်ပယ်ကာ အကောင်းတို့ကို ယူတတ်ကြရပေမည်။ ခေတ်နှင့် အညီ မြတ်ဗုဒ္ဓသာသနာ အရှိန်အဟုန်ပြင်းစွာ ပျံ့ပွားစေရန် အတွက် အင်တာနက်ကို သုံးစွဲနေကြသော်လည်း ရှေး ဆရာတော်ကြီးများ၏ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်လုပ်၊ ကုတ်ကုတ်နေ၊ စာသင်သားကျက်သရေ-ဟူသော သြ၀ါဒနှင့် အနေရိုးစေ၊ အသိဆန်းစေ-ဟူသော အဆုံးအမတို့ကို သတိထားကာ လိုက်နာ ကြရပေမည်။ 
           “If you don’t accept the change, you’ll be change.” 
  “ပြောင်းလဲမှုကို သင် လက်မခံရင် သင် အပြောင်းခံရလိမ့်မည်။”     လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော ခေတ်အခါကြီးတွင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည်လည်း မိမိတို့၏ အတွေးအခေါ်တို့ကို ပြောင်းလဲလက်ခံနိုင်ရပေမည်။ မိမိတို့ သာသနာ ကျယ်ပြန့်စေရန်အတွက် ခေတ်မှီနည်းစနစ်တို့ကို မှန်ကန်စွာ ကျင့်သုံးကြရမည်။ ထိုကဲ့သို့ လက်မခံနိုင်ဘဲ ရှေးရိုးစွဲဝါဒကိုသာ လက်ကိုင်ထားပါက မိမိတို့ သာသနာ ကျန်ခဲ့မည်သာ ဖြစ်သည်။ မိမိတို့၏ ကိုယ်ကျင့်တရားကို ပြောင်းလဲရမည်ဟု မဆိုလိုပေ။ ယခုအခါ အင်တာနက်သုံးစွဲမှု-ဟူသည် ဘုန်းကြီးများနှင့် လားလားမျှ မဆိုင်ဟု မှတ်ထင်နေကြသော လူအချို့တို့ကိုလည်း ၀မ်းနဲစွာ တွေ့မြင်ရသည်။ အင်တာနက်သုံးစွဲနေ သော ရဟန်းကို မဟုတ်တာ လုပ်နေသော ရဟန်းဟုပင် စွပ်စွဲနေကြသည်။ ထိုကဲ့သို အမြင်ကျဉ်းမြောင်းသူများ များမလာစေရန်လည်း ပြောဟောကြရပေမည်။ 
       You must accept the challenges or you’ll be challenged. It’s your choice.
    မင့် စိန်ခေါ်မှုတွေကို လက်ခံရမယ်။ အဲဒီလိုမဟုတ်ရင် စိန်ခေါ်ခြင်းကို မင်းခံရလိမ့်မယ်။ အဲဒါ မင့် ရဲ့ ရွေးချယ်ခွင့်ပဲ။ 
      တိုးတက်နေသောခေတ်ကြီးတွင် စိန်ခေါ်မှု များစွာတို့ကို တွေ့ကြုံကြရပေမည်။ ယင်းစိန်ခေါ်မှုတို့ကို လက်ခံကြရမည်။ ရင်ဆိုင်ကာ ဖြေရှင်းကြရမည်။ မတွေ့ခြင်သဖြင့် ရှောင်ပြေး၍ မရပေ။ ရှောင်ပြေးပါက ထိုသူသည်သာ စိန်ခေါ်ခြင်းကို ခံရပြီး ကျန်ခဲ့လိမ့်မည်။ ထိပ်တန်းရောက်လိုသူတိုင်း စိန်ခေါ်မှုတို့ကို ရင်ဆိုင်ကျော်လွှား ကြရပေမည်။ စိန်ခေါ်မှုအသစ်တို့ကို ပြဿနာဟု သဘောထားပြီး မရင်ဆိုင်၍ မဖြစ်ပေ၊ တွေ့ကြုံရသမျှတိုင်းကို မြတ်ဘုရား၏ တရားများ လက်ကိုင်ပြုပြီး တည်ငြိမ်စွာ ဖြေရှင်း ကြရပေမည်။ ယခုအခါ ဗုဒ္ဓဘာသာကို စော်ကားပုတ်ခတ်သူများသည် အင်တာနက်၏ စွမ်းဆောင်မှုကို အသုံးချကာ နည်းမျိုးစုံဖြင့် စော်ကားလာကြသည်။ အမျိုးမျိုး တိုက်စစ်ဆင်လာကြသည်။ သူတို့သည် ယုတ္တိနှင့်တကွ ထောက်ပြစော်ကား လာသောကြောင့် မိရိုးဖလာ ဗုဒ္ဓဘာသာမျှလောက်သာ သိသူများအတွက် တဘက်သို့ပင် ယုံကြည်သွားနိုင်သည်။ အင်တာနက်သုံးစွဲသူ ဗုဒ္ဓဘာသာဝင် အချို့က ဖြေရှင်းပေးကြ သော်လည်း မခိုင်လုံ မတိကျသည့်အတွက် သူတို့အတွက် ပို၍ပင် မော်ကြွားစရာ ဖြစ်နေတော့သည်။ 
      မိမိအနေနဲ့ ယင်းကိစ္စတို့ကို ဖြေရှင်းရမည့်တာဝန်မှာ အင်တာနက်သုံးစွဲနေကြသည့် ရဟန်းတော်များ၏ တာဝန်ဖြစ်သည်ဟု ခံယူမိပေသည်။ ရပ်ကွက်ထဲ ရန်ဖြစ်နေသကဲ့သို့ တစ်ခွန်းချက်ပက်ကာ ရန်ဖြစ်ရမည်ဟု မဆိုလိုပေ။ ယုတ်မာစွာ ရေးသားစော်ကားမှုကို လျစ်လျူပြုရမည်ဖြစ်သော်လည်း ပညာသား ပါပါ စော်ကားမှုကို အကြောင်းနှင့် တကွ ဖြေရှင်းကြရပေမည်။ မြတ်ဗုဒ္ဓသည် သည်းခံခြင်း-ခန္တီလမ်းစဉ်ကို လိုက်နာကျင့်သုံးရန် လမ်းညွှန်ထားသော်လည်း မဟုတ်မမှန် စွပ်စွဲလုပ်ကြံမှုကို အကြောင်းနှင့်တကွ ပြန်လည်ဖြေရှင်းရန် ခွင့်ပြုထားပေသည်။ 
     မိမိသည်လည်း ဖေ့ဘွတ်ကွန်ယက် သုံးစွဲနေရင်းက ဗုဒ္ဓဘာသာ၊ ပိဋကတ်စာပေတို့နှင့် ဘုန်းကြီးများကို စော်ကားရေးသာနေသူနှစ်ဦးတို့ကို တွေ့ဖူးပေသည်။ မိမိပြန်လည်ဖြေရှင်းသော အခါ ဒေါသထွတ်ပြီး မိမိကိုယ်ပင် ပြန်လည်ဆဲဆိုကြသည်။ အကြောင်းသင့် အကျိုးသင့် အထောက်အထားနှင့်တကွ ဖြေရှင်းပြသောအခါ သာသနာကို စော်ကားသောပို့စ်များ၊ ဓာတ်ပုံများ ထပ်မံပြီး တင်လာသည်ကို မတွေ့ရတော့ပေ။ အမြင်မှန် ရခြင်း၊ မရခြင်းမှာ ထိုသူတို့နှင့်သာ ဆိုင်သော်လည်း ဗုဒ္ဓဘာသာကို စော်ကားမှု ထပ်မံ မတွေ့ရတော့သဖြင့် စိတ်ချမ်းသာရပေသည်။
      ထိုကြောင့် ရဟန်းတော်များသည် ငါနှင့်မဆိုင်ဟု သဘောထားပြီး ဘာသာသွေး အေးနေ၍ မဖြစ်တော့ပေ။ ဘာသာခြားတို့သည် အင်တာနက်ဟူသော ခေတ်မှီလက်နက် ကို အသုံးချကာ နည်းမျိုးစုံဖြင့် တိုက်စစ်ဆင်နေကြပေပြီ၊ မိမိတို့သည်လည်း သတိ၊၀ီရိယ ရှိရှိသဖြင့် ခံစစ်၊ တိုက်စစ် နည်းစနစ်တို့ကို ဥာဏ်နှင့်ယှဉ် အသုံးချကာ ရင်ဆိုင်ကြရပေမည်။ ထိုသည်မှာ မြတ်ဗုဒ္ဓသာသနာ ပြန့်ပွားရန် အားထုတ်နေခြင်း၊ ကိုယ့်မျိုးဘာသာ၊သာသနာကို ကာကွယ်စောက်ရှောက်နေခြင်းဖြစ်၍ မြတ်စွာဘုရား၏ လမ်းစဉ်တို့ကို လိုက်နာကျင့်သုံးခြင်းပင် ဖြစ်သည်။ 
“Opportunity is not for enjoyment, it is for progress.”
 “ရရှိလာတဲ့ အခွင့်အရေးဟာ ခံစားဖို့ မဟုတ်ပါဘူး၊ ရှေ့တိုးဖို့သာ ဖြစ်တယ်။” 
 (တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်) 
      မျက်မှောက်ခေတ် သာသနာ ရဟန်းတော်များအတွက် အင်တာနက်ဟူသော ဗဟုဿုတ ဘဏ္ဍာတိုက်ကြီးကို သုံးစွဲခွင့် အခွင့်အရေးကောင်းကြီးကို ရရှိကြပေပြီ။ ဆရာတော်ဘုရားကြီး မိန့်မှာခဲ့သော အဆုံးအမတို့ကို လိုက်နာကြလျက် ရရှိလာသော အခွင့်အရေးကောင်းကြီးတွင် သင်ယူရမည့် ပညာရပ်တို့ကို သင်ယူ၊ ဖြန့်ဝေရမည့် ပိဋကတ်လာစာပေတို့ကို ဖြန့်ဝေ၊ ကာကွယ်ရမည့် သာသနာ့အန္တရာယ်တို့ကို ကာကွယ်ကြကာ ရှေ့တိုးကြရပေမည်။ ထိုသို့မဟုတ်ဘဲ စကားပြောခြင်း၊ ဗီဒိယို ကြည့်ခြင်းစသည်တို့ကိုသာ ခံစားနေပါက အခွင့်အရေးကောင်းကြီးကို ဆုံးရှုံးရပေမည်။ 
     အချုပ်အားဖြင့် ဆိုရသော်- အမိမြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် သာသနာ သည် ကျေနပ်အားရစရာကောင်းလောက်အောင် တောက်ပြောင်နေဆဲပင် ဖြစ်သည်။ သိက္ခာကာမ၊ လဇ္ဇီပေမ၊ သီလ၀န္တ ဆရာတော် အရှင်သူမြတ်များလည်း အားသွန်ခွန်စိုက် သာသနာပြုနေကြဆဲပင် ဖြစ်သည်။ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် မျိုးဆက်သစ် ရဟန်းတော်များ အနေဖြင့် အင်တာနက်ဟူသော နည်းစနစ်ကို အသုံးပြုကာ ပံ့ပိုးကြရပေမည်။ တနည်းအားဖြင့်- ဆရာတော်ကြီးများ မစွမ်းနိုင်ကြသည့် ဟာကွက်ကို မျိုးဆက်သစ် ရဟန်းတော်များက ဖြည့်တင်းပေးကြရပေမည်။ ထိုသို့ပြုလုပ်ပေးကြမည်ဆိုလျင် မျက်မှောက်ခေတ်သာသနာ၌ ရဟန်းတော်များ၏ အင်တာနက် သုံးစွဲမှုသည် သာသနာပြန့်ပွားစည်ပင်ရန်အတွက် များစွာ အထောက်အကူဖြစ် သည်ဟု လေးနက်စွာ ယုံကြည်မိပါကြောင်း လျှောက်ထားရပေသည်။ 
                                                           အရှင်နိပုဏာလင်္ကာရ (BHU)
 ကိုးကား ကျမ်းစာရင်း- 
(၁) အဂုင်္တ္တိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်၊ ပဌမ သဒ္ဓမ္မသမ္မောသသုတ်၊ ဒုတိယ သဒ္ဓမ္မသမ္မောသသုတ်၊ တတိယ သဒ္ဓမ္မသမ္မောသသုတ်။ 
(၂) ဓမ္မပဒဋ္ဌကထာ၊ယမက၀ဂ္ဂ၊ စက္ခုပါလတ္ထေရ၀တ္ထု။
 (၃)အမရပူရ၊ မဟာဂန္ဓာရုံဆရာတော် ၊ တစ်ဘ၀ သာသနာ။ 
(၄) အမရပူရ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များ။
 (၅) Leadership and Management by Dr. Nay Zin Latt.
 (၆) အင်တာနက် ဆောင်းပါးများ။
သာသနာတည်ကြောင်းနှင့် သာသနာကွယ်ကြောင်းတရားများ..။
$
0
0
            (သာသနာတော်နှစ်၂၅၅၆-ခု ကောဇာသက္ကရာဇ်၁၃၇၄-ခု၊ခရစ်သက္ကရာဇ် ၂၀၁၂-ခု(၁၅-၁၂-၁၂) စနေနေ့ အိန္ဒိယနိုင်ငံ မဇ္စျိမဒေသ ဗာရာဏသီမြို့ B.H.Uတက္ကသိုလ်နှင့် ဆန်းစခရစ်တက္ကသိုလ်တို့ တွင် ပညာသင် ကြား နေကြသော မြန်မာသောသတုဇနရဟန်းတော်များ၏ စာတမ်းဖတ်ပွဲတွင် ဘုရားတပည့်တော်အနေနှင့် စာတမ်း ဖတ်ခွင့်ရသဖြင့် အင်မတန်မှ ၀မ်းမြောက်ပီတိဖြစ်ရပါသည် ဘုရား။ ၀ါဆိုလပြည့်နေ့တွင် ဓမ္မစကြာရွတ်ဆိုပွဲကျင်းပ ပြုလုပ်ချိန်က စာတမ်းဖတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု ကြားသိရ၍သုတ မင်္ဂလာ ဖြစ်ရပါသည်ဘုရား။ ဗာရာဏသီတက္က သိုလ်နှစ်ခုမှ သောတုဇနသံဃာအများသည် သာသနာအရေးသည်ဒို့အရေး၊ သာသနာ့တာဝန်သည် ဒို့တာဝန်ဟူသော စိတ်ထားဖြင့် ကိုယ်ဆင်းရဲမှု-ကာယိကဒုက္ခ စိတ်ဆင်းရဲမှု-စေတ သိကဒုက္ခများကို ပဓာနမထားကြပဲ စိတ်အားထက်သန်စွာ ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များကို တွေ့ဆုံခွင့်ရပြီး စာတမ်းဖတ်ပွဲအထမြောက်အောင်မြင်ပါသဖြင့် ဒိဋ္ဌမင်္ဂလာဖြစ်ရပါသည်ဘုရား။ 
 ယနေ့ သုတမင်္ဂလာ ဒိဋ္ဌမင်္ဂလာနှစ်ပါးစုံညီတဲ့နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်ဘုရား။ ဘုရားတပည့်တော် အနေနှင့် ဗဟုသုတနည်းသည်ဟုပင် ဆိုလေမလားစားတမ်းဖတ်ပွဲ ဆိုတာ ယခုအိန္ဒိယရောက်မှ သာ တွေ့ကြုံဖူးပါသည်ဘုရား။ သို့အတွက်ကြောင့် ပုထုဇဉ်ပီပီ အမှားများပါနိုင်သည်ကို ခွင့်လွတ်တော်မူကြပါအရှင်မြတ်တို့ဘုရား။ 
        ယနေ့စာတမ်းဖတ်ပွဲကျင်းပသည့်အတွက် အကျိုး(၃)မျိုး ရရှိလိမ့်မည်ဟု ဘုရားတပည့်တော်ယုံကြည်ပါသည် ဘုရား။ အဲ့ဒီအကျိုးတရားတွေကတော့ ------- 
၁။ ခိုက်ရန်ကွဲပြားခြင်းဘေးမှကင်းလွတ်ပြီး အချင်းချင်းညီညွတ်မှုကို ရရှိစေနိုင်ခြင်း။
 ၂။ အမှားအမှန်ကိုဝေဖန်ပိုင်းခြား စီစစ်သိမြင်နိုင်ကြ၍ အမှားကိုတော်လှန်ပြီး အမှန်ကိုရောက်အောင် ကျင့်ဆောင်နိုင်ခြင်း။ 
၃။ ဗာဟုဿစ္စမင်္ဂလာဖြစ်ထွန်း၍ ချမ်းသာကိုဆောင်ရွက်နိုင်ခြင်း။ စသောအကျိုးတရားများ ရရှိနိုင်လိမ့်မည်ဘုရား။) 
      တပည့်တော်လေ့လာမိသလောက် ၊သာသနာအပြား မျိုး ၃-ပါး ရှိသည်ကို ပါရာဇိကဏ် ။ဋ္ဌ။ ပ-အုပ် ၁၇-နှင့် သုတ်သီလက္ခန် ။ဋ္ဌ။ ၂၀-၌ အကျယ် ပြထားသည်။ ဆုံးမခြင်းအပြားသုံးပါးဟူ၍လည်းခေါ်ပါသည်၊ 
(၁) ပရိယတ္တိသာသနာ- စာပေပိဋကတ်သင်ကြားမှု၊ 
(၂) ပဋိပတ္တိ သာသနာ- ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု၊ 
(၃) ပဋိဝေဓ သာသနာ- မဂ် ဖိုလ် နိဗ္ဗာန်တရားမှန်ကို သိမှု။ သာသနာ ၃-ရပ်။ ။
      ပိဋကတ်သုံးပုံကို သာသနာအားဖြင့် ၃-ရပ် ခွဲထားပါသည်။ 
(၁) ယထာ ပရာဓ သာသနာ- အပြစ်ရှိသူကို အပြစ်အလျောက်ဆုံးမပညတ်သော ၀ိနည်း ပိဋကတ်တော်၊ 
(၂) ယထာ နုလောမ သာသနာ- ထိုထို သတ္တ၀ါတို့၏အလို အဇ္ဈာသယ အားလျော်စွာ ဟောကြား ဆုံးမတော်မူအပ်သော သုတ္တန် ပိဋကတ်တော်၊
 (၃) ယထာ ဓမ္မသာသနာ- အားလုံးသော ပုဂ္ဂိုလ်, သတ္တ၀ါ, ရေ, မြေ, တော, တောင်ဟူသမျှတို့သည် ပရမတ္ထဓမ္မ အစုသာဖြစ်ရကား ရုပ် နာမ် အားလျော်စွာဟောကြားဆုံးမတော်မူသော အဘိဓမ္မာ ပိဋကတ်တော်။ ဟူ၍ ခွဲပြထားပါသည်။
     လောကမှာ သူတော်ကောင်းတရားကွယ်ပျောက်ခြင်း (ပဉ္စ၀ိဓ အန္တရဓာန)ခေါ်တဲ့ သာသနာကွယ်ကြောင်းတရားများကိုလည်း အဂုင်္တ္တိုရ် အဋ္ဌကထာမှာ အောက်ပါအတိုင်း ဖွင်ပြထားပါသည်။ ၁။ အဓိဂမအန္တရဓာန 
၂။ ပဋိပတ္တိအန္တရဓာန
 ၃။ ပရိယတ္တိအန္တရဓာန 
၎။ လိင်္ဂအန္တရဓာန 
၅။ ဓာတုအန္တရဓာန
 ၁။ အဓိဂမအန္တရဓာန (အဓိဂမသာသနာကွယ်ခြင်း) မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို အဓိဂမ သာသနာဟု ခေါ်ပါသည်။ ထိုတရားများသည် အဆင့်ဆင့် ကွယ်ပျောက်ကြကုန်သည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် နှစ်တစ်ထောင် အတွင်း၌သာ ပဋိသမ္ဘိဒါလေးပါးကို ရနိုင်ပါသည်။ ထိုနှစ် ကျော်လွန်သောအခါ အဘိညာဉ်ခြောက်ပါးကိုသာ ရကြတော့သည်။ ထို့နောက် ၀ိဇ္ဇာသုံးပါးသာ ရကြတော့သည်။ ကာလကြာသော် ရဟန္တာမျှသာ ဖြစ်ကြတော့သည်။ ထိုမှ ဆင့်ကဲဆင့်ကဲ ယုတ်လျော့လာရာ အနာဂါမ်ခေတ်၊ သကဒါဂါမ်ခေတ်၊ သောတာပန်ခေတ်သို့ ရောက်သွားလေသည်။ အကြင်အခါ၌ နောက်ပိတ် ဆုံးသော သောတာပန် သေလွန်သည်။ ထိုအခါတွင် အဓိဂမ သာသနာ ကွယ်ပျောက်လေတော့သည်။
 ၂။ ပဋိပတ္တိအန္တရဓာန(ပဋိပတ္တိသာသနာကွယ်ခြင်း) သမထ ဝိပဿနာနှင့် စတုပါရိသုဒ္ဓိသီလ သည် ပဋိပတ္တိ သာသနာ ဖြစ်ပါသည်။ ထိုတရားများ ကွယ်ပျောက် ခြင်းကို ပဋိပတ္တိ သာသနာ ကွယ်သည်ဟု ခေါ်ဆိုပါသည်။ သာသနာတော် နောက်ပိုင်းသို့ ရောက်လာကြသောအခါ သဒ္ဓါဝိရိယတရားများ ယုတ်လျော့လာသဖြင့် မဂ်ဖိုလ်ကို ရအောင် အားမထုတ်ချင်တော့ပေ။ စတုပါရိသုဒ္ဓိသီလ ကိုသာ ဖြည့်ကျင့်စောင့်စည်းကြကုန်သည်။ ကာလကြာသောအခါ ထိုသီလကိုပင် မစောင့်စည်းကြတော့ဘဲ သိက္ခာပုဒ်များကို ငယ်ရာမှ စတင်၍ တစတစ ကျူးလွန်လာတော့သည်။ ပါရာဇိက လေးပါးကိုသာ စောင့်စည်းကြကုန်သည်။ နောက်ဆုံး ထိန်းသိမ်းစောင့်ရှောက်သော ရဟန်းတော်များ ကွယ်လွန်လျှင် လည်းကောင်း၊ သိက္ခာပုဒ်ဆောက်တည်ခြင်းကို ချိုးဖောက်လျှင် လည်းကောင်း ပဋိပတ္တိ သာသနာကွယ်ပျောက်ခြင်း ဖြစ်လေတော့သည်။ 
၃။ ပရိယတ္တိအန္တရဓာန(ပရိယတ္တိသာသနာကွယ်ခြင်း) ဘုရားဟော ပါဠိတော်များနှင့် အဋ္ဌကထာ စသည်တို့ကို ပရိယတ္တိသာသနာဟု ခေါ်ပါသည်။ ထိုကျမ်းစာများ ကွယ်ပျောက် ခြင်းကို ပရိယတ္တိသာသနာ ကွယ်သည်ဟု ခေါ်ပါသည်။ ဘုရားဟော ပိဋကတ်တော်များ ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိသာသနာ မကွယ်နိုင်ပါ။ ကာလကြာသော ဆရာဒကာချို့ယွင်းမှုကြောင့် ပရိယတ္တိသာသနာ စတင်ကွယ်ပျောက် လေတော့သည်။ 
     ထိုအခါ အဘိဓမ္မာပိဋကတ် စတင်ဆုတ်ယုတ်ပါတော့သည်။ အဘိဓမ္မာ ပိဋကတ်တွင်လည်း ပဋ္ဌာန်းက စတင်၍ ဓမ္မသင်္ဂဏီအထိ အစဉ်အတိုင်း ဆုတ်ယုတ်ပါသည်။ ထို့နောက် အဂုင်္တ္တိုရ်၊ သံယုတ်ပါဠိတော် ဒီဃနိကာယ် အထိ ဆုတ်ယုတ်ပြီး ဒီယနိကာယ် ကွယ်ပျောက်လျှင် သုတ္တန်ပိဋကတ်တော်နှင့် ဇာတ်တော်မျှ ကိုသာ ဆောင်နိုင်ကြတော့ သည်။ ၀ိနည်းကို လဇ္ဇီ ရဟန်းတော်များ ဆောင်ကြသကဲ့သို့ ဇာတ်တော် ကိုလည်း လာဘ်လာဘကို အလိုရှိသော ပုဂ္ဂိုလ်များက ဆောင်ကြကုန်သည်။ ကာလကြာသော် ဇာတ်တော်ကို အာဂုံ မဆောင်နိုင် ကြတော့ဘဲ အထက်ဆုံး ဝေဿန္တရာ ဇာတ်တော်မှစ၍ အပဏ္ဏကဇာတ်တိုင်အောင်  ဆုတ်ယုတ်လာတော့သည်။ ဤသို့ဇာတ်တော် ကွယ် ပျောက်သော် ၀ိနည်းပိဋကတ်ကိုသာဆောင်ကြတော့သည်။ ၀ိနည်းဆောင် ရဟန်းတော်များ ရှိနေသဖြင့် ပရိယတ္တိသာသနာတော် တည်ရှိနေသေးသည်။ နောင်သော် ထိုရဟန်းတော်များ သဒ္ဓါ၊ သမာဓိ၊ ပညာ၊ ၀ီရိယ တရားတို့ လျော့နည်းလာကာ အထက် ပရိဝါပါဠိတော်မှစတင်၍ မဟာဝိဘင်းအဆုံးဆုတ်ယုတ်တော့သည်။ 
          အခါတစ်ပါး၌ သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးသည် ဆင်ကျောက်ကုန်းပေါ် ရွှေစင်နှင့် မွှန်းခြယ်ထားသော တောင်းထဲတွင် အသပြာထောင်ထုပ်ကို တင်ပြီး ဘုရားဟော ဂါထာတစ်ပုဒ် ရွတ်ဆိုနိုင်သူ သည် ဤအသပြာကို ယူလော့ဟု သုံးကြိမ်တိုင်တိုင် စည်တီး၍ လှည့်လည်သည်။ ယူမည့်သူ မရှိ၍ နန်းတော်သို့ ပြန်ပို့ရသောအခါ ပရိယတ္တိသာသနာ ကွယ်လေတော့သည်။ 
၎။ လိင်္ဂအန္တရဓာန(လိင်္ဂသာသနာကွယ်ခြင်း) ရဟန်းအသွင်အပြင်ကို လိင်္ဂ ဟု ခေါ်ပါသည်။ ၀ိနည်း စည်းကမ်းများ ချို့ယွင်းလာသဖြင့် ရဟန်း သံဃာတော် များ၏ သပိတ်၊ သင်္ကန်း သုံးစွဲပုံမှာ ကြည်ညိုဖွယ် မရှိတော့။ ဖြစ်ကတတ်ဆန်း ဝတ်ရုံ သုံးစွဲကြကုန်သည်။ ထိုအခါ ရဟန်း အသွင် ကွယ်ပျောက်ပြီး ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး မှေးမှိန်သွားတဲ့အခါ သင်္ကန်းအရောင် အ၀တ်ကလေးကို လည်ပင်းမှာ ပတ်ထားရုံ၊ ဆံထိုးမှာပတ်ထားရုံမျှ မရှိကြတော့ဘဲ ရဟန်းတော်များရဲ့အသွင်အပြင်ကွယ်ပျောက်၍ သွားတာ ကိုပင် လိင်္ဂအန္တရဓာန လိင်္ဂသာသနာကွယ်ပျောက်ဟုခေါ်ဆိုရပါသည်။ 
 ၅။ ဓာတုအန္တရဓာန(ဓာတ်တော်ကွယ်ခြင်း) ဓာတ်တော် ကွယ်ပျောက်ခြင်း ဆိုသည်မှာ ဓာတုပရိနိဗ္ဗာန်ပြုခြင်းကို ခေါ်ဆိုပါသည်။ ဤနေရာတွင် ပရိနိဗ္ဗာန်ပြုခြင်း (၃)မျိုးကို ဖော်ပြရလျှင် 
၁။ ကိလေသပရိနိဗ္ဗာန်ပြုခြင်း၊ 
၂။ ခန္ဓပရိနိဗ္ဗာန်ပြုခြင်းနဲ့ 
၃။ ဓာတုပရိနိဗ္ဗာန် ပြုခြင်း တို့ပဲ ဖြစ်ပါတယ်။ 
ထိုသုံးမျိုးတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ကိလေသာ အားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွား ခြင်းကို ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် စုတိကမ္မဇရုပ်များချုပ်ငြိမ်းတော်မူခြင်းသည်ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟုခေါ်ဆိုပါသည်။
   ဘုရားရှင်၏သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌ ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍ မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊ ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။ ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့ ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့ စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊သမ္ပသာဒနီယ) ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။ ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။ 
     ထိုနေရာသို့ စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ် သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့ ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။ ဤသို့ဖြင့် ဝေနေယျများစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက် ချုပ်ငြိမ်းရပါလိမ့်မည်။ 
     သဒ္ဓမ္မသမ္မောသသုတ်တွင်လည်းသာသနာကွယ်ကြောင်းကို အောက်ဖေါ် ပြပါ အတိုင်းဖွင့်ဆိုထားသေးပါသည်။ 
၁။ ရဟန်းများ တရားမနာခြင်း 
၂။ စာမသင်ခြင်း 
၃။ နှုတ်တက်အာဂုံ မဆောင်ခြင်း 
၎။ သိအောင် မကြံစည်ခြင်း
 ၅။ ဓမ္မာနုဓမ္မကို မကျင့်ကြံခြင်း 
 (တစ်နည်း) 
၁။ စာမသင်ခြင်း 
၂။ တရားကို အကျယ်မဟောခြင်း 
၃။ စာကို အကျယ်မပို့ချခြင်း 
၎။ စာကို အကျယ်မပြန်ဆိုခြင်း 
၅။အနက်အဓိပ္ပာယ်ကို မကြံစည်ခြင်း
 (တစ်နည်း)
 ၁။ အက္ခရာပုဒ်ပျက်တို့ဖြင့် သင်ယူခြင်း 
၂။ အပြောအဆို ခက်ခဲခြင်း 
၃။ စာချပုဂ္ဂိုလ်များ ရှားပါးခြင်း 
၎။ လာဘ်ပေါများအောင် အားထုတ်ခြင်း 
၅။ ခိုက်ရန်များ၍ သံဃာကွဲပြားခြင်း တို့ဖြစ်ပါသည်။ 
    ပရိယတ္တိမေ၀ သာသနဿ မူလံ ပရိယတ္တိသည်သာလျှင် သာသနာတော်၏မူလအရင်းမြစ်ဟု မိန့်ဆိုချက်ရှိသည်နှင့်အညီ ပရိယတ္တိသာသနာဆက်စပ်၍ ဆွေးနွေးတင်ပြချင်ပါသေးသည်။ ပရိယတ္တိ အန္တရဓာန ပရိယတ္တိသာသနာကွယ်ခြင်းဆိုရာမှာ စာချန်းကြီးများခြားပါးလာခြင်း အကြောင်းတရားက အဓိကပါဝင်နေသည်ကိုတွေ့ရှိရပါသည်။ အချို့အရပ်ဒေသတွင် စာသင်တိုက် တည်ထောင်ပြီး သာသနာပြုလိုကြသော်လည်း စာချဘုန်းကြီးမရှိသည့်အတွက် မဖြစ်မြောက်ကြပါ။ တပည့်တော်ကိုယ် တွေ့ ဆရာတော်တစ်ပါးဆိုလျှင် စာသင်တိုက်ဖြစ်ချင်လို့ လခပေးပြီး စာချဘုန်ကြီးလိုက် ပင့်ရာ တောမြို့ လေးဖြစ်နေ၍ စာချမည့်ပုဂ္ဂိုလ်တွေ လိုက်ချင်သူမရှိပေ။ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေသော သံဃာတော် ၅၀၀ကျော်ရှိသည့်အနက် ၂၀၀ကျော်သည် နယ်ပယ်သီးသီးမှာ စာချပေးခဲ့ဖူးသောရဟန်း တော်များဖြစ်ကြသည့်အလျောက် မိမိတို့ရယူလိုသောဘွဲ့ထူးဂုဏ်ထူးတွေ ရရှိပြီးလျှင် အင်္ဂလိပ်စာနှင့် တွဲဖက်၍ ပရိယတ္တိစာပေးကိုသင်ကြားပေးနိုင်လျှင် အင်မတန်အကျိုးများနိုင်သည်ကို အရှင်မြတ်တို့ သိရှိပြီးဖြစ်ပါသည်။ 
   သံဃ မဟာနာယက ပညာရေးအဖွဲ့ငယ် ချမှတ်ထားသောပြဋ္ဌာန်းစာများအပြင် အခြားဗဟုသုတရနိုင်သော စာများကိုလည်း တွဲဖက်ပြီး သင်ကြားပေးသင့်ပါသည်ဘုရား။ ယခုခေတ် သာမဏေငယ်များအချို့သည် ဗုဒ္ဓ၏ဖြစ်စဉ်အကြောင်းအရာများကိုပင် သိရှိသူနည်းလှပါသည်။ ဒါကြောင့် ဗုဒ္ဓ၀င်အကျဉ်းကိုလည်း ပြဋ္ဌာန်းပေးသင့်သည်ဟုထင်မိပါသည်။ အချို့သာမဏေငယ် ရဟန်းငယ်များ သည်လည်း အနက်တေးပြီးသားစာအုပ်များကိုကိုင်ဆောင်၍ ပုဒ်ဖြတ်ပုဒ်စပ်များမှားကာ ကျက်မှတ်နေ ကြသည်ကိုလည်းတွေ့ရှိနေရပါသည်။ အနက်တေးစာအုပ်များကို အနက်ဥာဏ်ရင့်သန်သော ပုဒ်ဖြတ် ပုဒ်စပ်နားလည်နိုင်သော ပထမလတ်တန်းလောက်အဆင့်ရောက်မှသာလျှင် ကိုင်ဆောင် ခွင့်ပြုမည် ဆိုလျှင် အင်မတန်မှသင့်လျှော်လှပါသည်ဘုရား။ အခြေပြုတန်းများတွင် စာဝါနည်းသည့်အတွက် အခြားဗဟုသုတနှင့် ဗုဒ္ဓ၀င်များကိုပြဋ္ဌာန်းပေးနိုင်လျှင် သာမဏေများ ကိုယ့်ဘာသာအကြောင်း အခြားသူမေး လာပါကကောင်းစွာရှင်ပြနိုင်ပါမည်။
     “လောဓမ်အဋ္ဌ သဘာဝကြောင့် ဂေါတမဘုန်းခေါင် သာသနာရောင်လည်း မပြောင်မရွန်း အမှောင် သန်းခဲ့”ဟု ဆီးဗန်းနီဆရာတော် မိန့်မှာတော်မူခဲ့သည့်သြ၀ါဒအတိုင်း တပည့်တော်တို့သာသနာ တော် ဟာလည်း “ခေါက်ရှာငှက်ပျံ၊ ခင်ပုတ်ပျံနှင်၊့ ဘုတ်ပျံ ရှုးပျံ လောကဓံဟု ထုံစံတရား ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ မမြဲစွာတည်း ” (မန်လည်ဆရာတော်) ဆိုသည့်တိုင်းဖြစ်နေပါသည်။ ဒါကြောင့် သာသနာတည်တံ့ရေးအတွက် တပည့်တော်တို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား၏ ၀ိနည်းပိဋ ကတ်တော်လာ သြ၀ါဒကထာတို့ကို ရိုသေလေးစား သတိပြု၍ လိုက်နာကြပါလျှင် တပည့် တော်တို့သာသနာတော်ဟာ အမြဲ သန့်ရှင်းစင်ကြယ် တောက်ပနေမည်မှာအရှင်မြတ် သိတော်မူပြီးဖြစ် ပါသည်။ 
   ဆရာတော်သံဃာတော်မြတ်များကလည်း ဂန္ထဓုရ ၀ိပဿနာ ဓုရကိုဖြည့်ကျင်နေကြလျှင် သာသနာတည်တံ့နိုင်ပြီး ဒီဃနိကာယ်၊ ပါထိက၀ဂ် သိင်္ဂါလောဝါရမှာပါသည့်အတိုင်း အတိကျဆောင် ရွက်ပေးမည်ဆိုလျှင် သာသနာတော်ပြန့်ပွားလာပါမည်။ ယခုအခါ ရှေးရိုးကြီးအတိုင်း မိမိထံပူဇော်လာတဲ့သူတွေကိုသာ တရားဟောနေရုံမျှနဲ့ မပြီးသေးပါ။ တရားတော်ကို အိမ်တိုင်းအိမ်တိုင်းရောက်အောင် ပို့နိုင်မှသာလျှင် မြတ်စွာဘုရားဟောကြားသော တရားစစ်တရားမှန်ကို သိနားလည်ကြမှာဖြစ်ပါသည်။ ယခုအခါ မိရိုးဖလာဗုဒ္ဓဘာသာများသည်ပင် ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်မျှ မသိသူတွေအင်မတန်မှများလှနေပါပြီ။ ဒီအတွက်ကြောင့် အခြေခံကစပြီး အဆင့်ဆင့်နားလည်အောင် အိပ်ပေါက်စေ့ သာသနာပြုရနအချိန်ဖြစ်နေပါပြီ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ကြီးရွတ်နေရုံမပြီးပဲ တကယ်လုပ်ဆောင်မှာသာလျှင်သာသနာမကွယ်ပျောက်ပဲ တည်တံ့လာ မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ဘုရား။ 
                                   တိဏ္ဏောဘာသ(ဥူး)
                                 ဆန်းစခရစ်တက္ကသိုလ်
သာသနာကို ဘယ်သူ စောင့်ရှောက်သင့်သနည်း
$
0
0
     ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတို့သည်၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး တို့နှင့် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားတို့ကို အသက်ထက်ဆုံး ယုံကြည်ကြ ကုန်သည်။ မြတ်စွာဘုရားရှင်သည် ချစ်သားအာနန္ဒာကိုခေါ်၍ မိန့်တော်မူသော စကားတော်မှာ ငါဘုရားမရှိသည့် နောက်ပိုင်း ဖူးမျှော်စရာ သံဝေဇနိယလေးဌာန ရှိလိမ့်မည်၊ သွားရောက်၍ ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်လျှင် အပါယ်လေးပါးမှ လွတ်မြောက်၍ လူ နတ် နိဗ္ဗာန် သုံးတန်သော သုဂတိဘ၀သို့ ရောက်ရှိကြောင်း မိန့်တော်မူခဲ့သည်။ 
       ထို့ကြောင့် ဗမာလူမျိုးတို့သည် ဘုရာပွင့်ရာ သံဝေဇနိယလေးဌာနသို့ ဘုရားဖူး သွားရလျှင် လောကီချမ်းသာ လောကုတ္တရာချမ်းသာကို ရမည်ဟု အလေး အနက် ယုံကြည်ကြ၍ လာရောက် ဖူးမျှော်ကြပေသည်။ သို့အတွက်ကြောင့် ဘုရားလဲဖူး လိပ်ဥလဲတူးဟူသော စကားပုံကို လက်ကိုင်ထား၍ တပည့်တော်သည် ဘုရားပွင့်ရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်သို့ ပညာသင်ရန် ရောက်ရှိခဲ့သည်။
      နေ၀င် လထွက် ဓမ္မစက် လမြတ်သံချို လ၀ါဆို ဟူသော ဒုတိယ ၀ါဆိုလပြည့်နေ့တွင် ဗာရာဏသီဆိုက် ဥက္ကဌ အရှင်နိပုဏလင်္ကာရ မှ ဓမ္မစကြာနေ့ အထိမ်းအမှတ် နေ့ဆွမ်း ဆက်ကပ်သဖြင့် ကြွေ၇ာက်သောအခါ လျှောက်ထားသံကိုကြားရလေသည်၊ ပညာသင် ရဟန်းတော် အရှင်သူမြတ်တို့ဘုရား ဘုရားတပည့်တော်တို့ ဗာရာဏသီဆိုက် ပညာသင်ရဟန်း တော်များစုပေါင်း၍ စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် အရှင်ဘုရား တို့မှ စွမ်းနိုင်သလောက် စာစောင် များ ရေးပို့ပေးပါရန် ဗာရာဏသီ ဆိုက် ကျောင်းသား ဥက္ကဌ ဆရာတော် အရှင်နိပုဏလင်္ကာရ မှ လျှောက်ထားပေသည်။ 
     ဆွမ်းစားပြီး ပညာသင်ရဟန်းတော်တို့သည် ဗာရာဏသီမြို့နှင့်၆မိုင်ခန့်ကွာဝေးသော မြတ်စွာဘုရား ဓမ္မစကြာတရား ဟောသော မိဂဒါဝုန်တော သို့ ကြွရောက် ၍ မြတ်စွာ ဘုရား သက်ရှိထင်ရှား ရှိသကဲ့သို့ ဓမ္မစကြာတရားဦး ဟောနေပုံကို အာရုံပြုလျှက် ကြည်ညိုစွာ ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ်ပူဇော် ကြလေသည်။ ပူဇော်ပြီးသည့်နောက် ထိုနေရာတို့ကို လေ့လာကြည့်သောအခါ မြတ်စွာဘုရား နှင့် ဘိက္ခူ-ရဟန်းတော် ဘိက္ခူနီ-ရဟန်းမများတို့ မှက် ခြင် ယင် နေ ကင်း မြွေ သန်း စသော ဘေးရန်းတို့ကို ကာကွယ် ၍ ချမ်းမြေ့စွာ သာသနာပြု သီတင်းသုံး နေထိုင်ရန် ရည်ရွယ် လှူဒါန်းသော ကျောင်းတိုက်ကြီးများ ရှိပေသည်။ ထိုကျောင်းတိုက်များမှာ နန္ဒိယသူကြွယ်ကျာင်းတိုက် ကုမာရဒေဝီကျောင်းတိုက်ကြီး နှစ်တိုက် တို့နှင့် သာသနိက အဆောက်အဦးတို့သည် ရှေးနှစ်ပေါင်းများစွာ ကာလကြာသောအခါ ရာသီဥတုဒဏ် မဂိုဘုရင်များ၏ လက်ထက်တွင် အတ္တ၀ါဒီပုဂ္ဂိုလ်တို့၏ အဖျက်အဆီးဒဏ် တို့ကြောင့် ပျက်စီးခဲ့ရလေသည်။ ထိုသာသနိကအဆောက်အဦးများမှာ အမှတ်အသား သဖွယ်ဖြစ်သော အုတ်ရိုးအုတ်ခုံ များသာ ကျန်၍ တွေ့မြင်ရလေသည်။
         မြတ်စွာဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတွေ ပြည့်ကျင့်ပြီး မှ မဟာဗောဓီ ညောင်ပင်အောက် အပရာဇိတခေါ် ပလ္လင်ပေါ်၌ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ မဟာဗောဓိပင်မှ မိဂဒါဝုန်တော သို့ ကြွတော်မူပြီး ပဉ္စ၀ဂ္ဂီ ၅ ပါးတို့အား တရားဦးဟောသော နေရာတို့သည်၊ ပကတိမရှိ ပျက်ဆီးနေတာကို တွေ့ရလေသောကြောင့် သြော် မြတ်စွားဘုရားပွင့်ရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံ သံဝေဇနိယလေးဌာနတွင် ပါဝင် မိဂဒါဝုန်တောကို အမှီပြု ၍ မိမိတို့၏ သား သမီး လင် မယား ဆွေမျိုး မိဘ အိုးအိမ်စသော သူတို့နှင့် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ၅ပါးအာရုံ ကာမဂုဏ်တရားတွေကို အပြည့်အ၀ ခံစား စီးပွားရှာနေရှာကြကုန်သော ဗာရာဏသီမြို့ သူမြို့သား တို့ကို လေ့လာကြည့်သော် မြတ်စွာဘုရားရှင်၏ ပုံတော်တွေကို မရိုမသေ ဘောင်းဘီ အိပ်ထဲထည့် ရောင်းစားနေသည်တို့ကို တွေ့ရခြင်းလေသောကြောင့် ထိုသူတို့သည်၊ ဘုရားလည်း ကိုးကွယ်ရာကောင်းမှန်း မသိ၊ ဘုရားလည်း ကြည်ညိုရာ ကောင်းမှန်းလည်း မသိ၊ မြတ်စွာဘုရား၏ သံသရာ လွတ်ကြောင်းဖြစ်သော သစ္စာတရားကိုလည်း မသိ မကျင့်ကြံ မလေ့လာ မြတ်စွာဘုရား၏ တပည့် ဖြစ်တော်မူသော သံဃာတော် အရှင်သူမြတ်တို့ကိုလည်း မကြည်ညို မကိုးကွယ် ရတနာ သုံးပါးဆိုတာ ဘာမှန်းလည်းမသိ အကျိုးရှိအောင်လည်း မဆောင် သာသနာကိုတော့ မှီခို မကြည်ညိုသော ပုဂ္ဂိုလ်တို့ဖြစ်ပေသည် ။ ထိုအချင်း အရာတို့ကို တွေ့မြင်ရ၍ သံဃာရတနာ ဖြစ်ထွန်းရာ မိဂဒါဝုန်တော ဘုရားသာသနာ ကွယ်ရှာလေပြီပေါ့ မျက်ရေကျမလောက် ၀မ်းနည်းရပေသည်။ 
      သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်သည် လုံ့လ၀ီရိယ မလျှော့သောဇွဲဖြင့် မိမိအကျိုးကို မလိုလား လောကသုံးပါး၌ သတ္တ၀ါတို့၏ အကျိုးစီးပွာ ဖြစ်စေခြင်းငှါ ကျင့်၍ ရတော်မူသော ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓခေါ် သာသနာတော်မြတ်ကြီးကို ဘယ်သူတွေ ထိန်းသိမ်းစောင့်ရှောက်သင့်ပါသနည်း ဟု စဉ်စားမိ၍ စာစောင်ရေးချင်စိတ် ဖြစ်သည်။ စာသင်သား ကလေးဘ၀က မြောင်းမြမြို့ပဇ္ဇော တာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တဥာဏိက အဂ္ဂမဟာပဏ္ဍိတ အင်္ဂလန်ဆရာတော်ဘုရား၏ သြ၀ါဒကို ပြန်လည် ကြားရောင်မိသည်။ 
ဗုဒ္ဓမြတ်စွာ သာသနာ၌ 
 စာချ စာသင် များထေရ်ရှင်တို့ 
ဂန္ထဓူရ ကျင့်နှစ်ဝကို 
ကျင့် ဆောင် ပွားများ 
မှတ်သားနာယူ သဒ္ဓါဖြူ ၍ 
 ( သာသနာ တည်ဘို့ ကျင့်စေသော် + မိမိ သူတစ်ပါး အတွက် ကျွတ်တန်းဝင်ဘို့ ကျင့်စေသော်…။ ) 
      တပည့်တို့ ဘုရားသာသနာတော်မြတ်ကြီး အကျိုးအမြတ် ဖြစ်စေခြင်းငှါ မြတ်စွာဘုရား ပရိနိဗ္ဗာန် မပြုမှီ အရှင်မဟာကဿပ နှင့် အရှင်အာနန္ဒာ အမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့ကို ခေါ်တော်မူ၍ မိန့်တော်မူ၏ ။ 
၁။ ချစ်သားတို့ ငါဘုရား သာသနာမှာ နေသမျှကာလပါတ်လုံးလာဘ်များကိုမျှော်ပြီး မလိုချင် မတောင်းတကြကုန်နှင့် မစ္ဆရိယ ငါးပါးတို့ကို ရှောင်ရှားကြကုန်လော့၊ 
၂။ ချစ်သားတို့ ငါဘုရား သာသနာတော်တည်တန့်စေခြင်းငှာ အကျင့်ကောင်းဖြစ် သော ဓူရနှစ်ဖြာတို့ကို ကျင့်ဆောင်ကြကုန်လော့၊
 ၃။ ချစ်သားတို့ သတ္တဝါတို့၏ အကျိုးစီးပွားကိုဖြစ်စေခြင်းငှာ ကျင့်ကြကုန်လော့၊
 ၄။ ချစ်သားတို့ မိမိအကျိုးစီးပွားကိုဖြစ်စေခြင်းငှာ ကျင့်ကြကုန်လော့၊ 
၅။ ချစ်သားတို့ ငါဘုရား မရှိသည့်နောက် ငါဘုရားသာသနာကို သာသနာတွင်းမှ နေကြ ကုန်သောပုဂ္ဂိုလ်တို့သည် ဖျတ်ဆီးကြကုန်လတ္တံ့၊ ဤ အတွက်ကြောင့် ငါဘုရား၏ ကိုယ်စားဖြစ်တော်မူသော အကျင့်ကောင်း အကျင့်မြတ်တရားတို့ကို ထိန်းသိမ်း စောင့်ရှောက် ကြကုန်လော့။
     မြတ်စွာဘုရားရှင်သည် မိမိကိုယ်တိုင် တည်ထောင်ခဲ့သော သာသနာ တော်မြတ်ကြီးကို ကမ္ဘာ့အလယ်၌ တင့်တယ် ဝင့်ကြွား တိုးတတ် ပြန့်ပွားစေခြင်း အကျိုးငှာ အဓိကကျကျ စောင့်ရှောက်ရမည့် ပုဂ္ဂိုလ် တို့ကို ခေါ်စေ၍ မိန့်တော်မူ၏။ မှန်ပေ၏။ မြတ်စွာဘုရားရှင်သည် နေ့မနား ညမနား မလျှော့သော ဇွဲဖြင့် ကျင့်တော်မူ၍ရသော သာသနာတော်မြတ်ကြီးသည် ယနေ့ အချိန်ခါတွင် ကမ္ဘာ့အလယ် အနယ်နယ်အရပ်ရပ်၌ တိုးတက်ကြီးပွား ပြန့်ပွားသည် ဟု ထင်သရောင်ရောင် ရှိပေသည်။ သို့သော် အရင်း အမြစ်ကို သေသေချာချာ စုံစမ်း လေ့လာ သုံးသတ်ကြည့်သော အခါ မြတ်စွာဘုရား၏ သာသနာတော်မြတ်ကြီးသည် တိုးတတ်ကြီးပွား ပြန့်ပွားသည်ထက် ဆုပ်ယုတ်ပျက်စီးခြင်းကို ပို၍ ပို၍တွေ့ရပေသည်။ ဘုရားသာသနာတော်မြတ်ကြီး၏ ဆုပ်ယုတ် ဖျက်ဆီးခြင်းကို နောက်ကွယ်ရာ ၌ ပျက်စီးအောင် ပြုလုပ်သော တရားခံတို့သည် မည်သူဖြစ်ပါသနည်း။ 
      ထို တရားခံတို့သည် ဘုရားသာသနာ ကို အမှီပြု၍ သာသနာပြုရာဝယ်-
 ၁။ ပရိယတ္တိသာသနာကို အကြောင်းပြု၍ မိမိအကျိုးစီးပွားကို ဆောင်၍ သာသနာကို ဖျက်ဆီးခြင်း၊ 
၂။ ပဋိပတ္တိသာသနာကို အကြောင်းပြု၍ မိမိအကျိုးစီးပွားကို ဆောင်၍သာသနာကို ဖျက်ဆီးခြင်း၊
 ၃။ ပဋိဝေဓသာသနာကို အကြောင်းပြု၍ မိမိအကျိုးစီးပွားကို ဆောင်၍ သာသနာကို ဖျက်ဆီးခြင်း။ 
 စသော သာသနာ သုံး ရပ် ဟု ဆိုအပ်သော အကျင့်ကောင်း အကျင့်မြတ် တွေကို ခုတုံးလုပ်၍ သာသနာတော်ကို အရောင်တင် ဆေးဆိုး မျောက်ပြ ဆန်တောင်း သကဲ့သို့ ဘုရားသာသနာကို မငဲ့ကွက် လာဘ်များအောင်ဖန် ဘယ်သူပြောပြော ဘယ်သူဆိုဆို ဘယ်သူသေသေ ငတေ မာရင်ပြီးရော ဟု ပြုလုပ်ကြသူက ယနေ့ခေတ်တွင် ပို၍ ပို၍ များလှ ပေသည် ။ ထို အကြောင်းအရာတို့ကို သုံးသပ်လျှက် မြတ်စွာဘုရား၏ သာသနာတော်ကို ဘယ်သူဖျက်၍ ဘယ်သူထိန်းထိမ်း စောင့်ရှောင့် သင့်သနည်း ဝေဖန်သင့်ပေသည်။ 
      ဗုဒ္ဓ သာသနာ နှစ်များစွာ ထာဝရ တည်ပါစေ ဆုတောင်းလျှက်- 
ကျမ်းကိုးကား စာအုပ်များ- 
 ၁။ အရှင်ဝိဇ္ဇာသီတဗောဓီ ဗုဒ္ဓပူဇာဝန္ဒနာကျမ်း၊ 
၂။ မြောင်းမြဆရာတော် သြ၀ါဒ။ 
အရှင်သာသန 
M.A(Previous)
 ဆန်စကရစ်တက္ကသိုလ်၊ ဗာရာဏသီ။
ပါဠိစာပေ နှင့် သင်ကြားနည်းစနစ်
$
0
0
    “အမျိုးသားပညာရေးအစ…ဘုန်းတော်ကြီးကျောင်းက”…ဟူ၍ဆိုရိုးစကား သမိုင်းများ ရှိခဲ့ကြသ ကဲ့သို့…ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်သည် ဟိုတောကြိုအုံကြား ရပ်/ ရွာများမှ မြို့နယ်တိုက်ကြား ရွှေနန်းတော်များအထိ ခရီးပေါက်မြောက်ခဲ့ပေသည်။ ထိုဘုန်းတော်ကြီး  သင်ပညာရေးစနစ်သည် အမိမြန်မာပြည်ကြီး သူ့ကျွန်ဘဝကိုလိုနီ နယ်ချဲ့အောက် ကျရောက်သည်မှစ၍ တစတစနှင့်အနှိမ်နင်းခံ နင်းကြမ်းဘဝသို့ ရောက်မှန်းမသိ ရောက်ရှိသွားကာ ပစ္စုပ္ပန် မျက်မှောက် ကျောင်းတော်ကြီး၏ ခေါင်းလောင်းသံသည်ကား….တိတ် ဆိတ်ငြိမ်သက်ခြင်းကို အဖော်ပြုပြီး အနာဂါတ်၏ရင်သွေးငယ်များအတွက် တာဝန်မဲ့သယောင် ယောင် အသွင်ဆောင်၍နေ ခဲ့လေပြီတကား………။ 
      ယင်းကဲ့သို့ အနှိမ်ခံနင်းကြမ်းဘဝသို့ ကျရောက်သွားခြင်း၏အကြောင်းရင်းမှာ…ဘာသန္တရစာပေများကို အားပေးမှုနည်းသောရှေးဆရာများ၏ရှေးရိုးစဉ်လာ ပညာသင်ကြားရေးနည်း စနစ်ကို မပြောင်း လဲလိုခြင်း….လောကီနှင့်လောကုတ္တရာကိုမရောထွေးခြင်း…ဟူသောအကြောင်း တရားနှစ်ရပ်ကို ယေဘုယျ အားဖြင့် ရှုမြင်သုံးသပ်တွေ့ရှိပေသည်။
       ရှေးရိုးစဉ်လာပညာသင်ကြားရေးနည်းစနစ်ကို မကောင်းဘူးဟူ၍ကား မဆိုလိုပေ… ကောင်းပါပေ၏။ သို့သော် ခေတ်ရေစီးကြောင်း၏တောင်းဆိုမှုနှင့်ကား…အနည်းငယ်ကွဲလွဲနေပေ၏။ ထို့ကြောင့် ရှေးနည်း ကိုလည်းမပယ်…ခေတ်ရေစီး၏တောင်းဆိုမှုကိုလည်း လျက်လျူမရှုပဲ အ သစ်နှင့်အဟောင်းပေါင်းစပ် ကာ ကောင်းမွန်သောနည်းစနစ်“ စံမူ”တစ်ခုကို သင်ကြားရေးလမ်း မပေါ်တွင် ခြေချခွင့်ပေး သင့်ပြီဟူ၍ထင်မြင်ယူဆမိပါတော့သည်။
      လောကီနှင့်လောကုတ္တရာ မရောထွေးစေလိုခြင်းဟူသောရှေးဆရာများ၏အစွဲတရား သည်ကား…သောတုဇနများအတွက် အသိဥာဏ်ကို အမှောင်ချခြင်းခံရသကဲ့သို့ဖြစ်စေခဲ့ပါသည်။ ထိုအစွဲတရားသည် ဆရာအရှင်တို့၏ ကိုယ်သန္တာန်တွင်ပင် ရပ်တန့်မနေပဲ လူပုဂ္ဂိုလ်များသို့ပင် ကူး ဆက်ဝင်ရောက်ကာ ရဟန်းတော်များ ဘာသန္တရစာပေများကို လိုက်စားသင်ယူကြလျှင်…ယခုပင် လူထွက်သွားမတတ် အတွေးစောင်းပြီး အမြင်ကျဉ်းကာ တွေးထင်တတ်ကြပေ၏။ ယင်းအတွေး လွန်…အမြင်ဆွေးများကြောင့် မြန်မာရဟန်းတော်များသည် အမြင်မဆန်း တစ်ဖက်ကန်းကာလုံးစုံ မမြင်နိုင်သောကြောင့်…ကမ္ဘာ့အလယ်ရဲ့ ထိုင်ခုံများမှာ နောက်ဆုံးကသာလျှင် ထိုင်ရခဲ့ပေါင်းများ ခဲ့ပါပြီ….။ 
      မြင်သောတစ်ဖက်မူလည်း…အမြင်ရှင်းကာကြည်လင်သလားအတွေးများဖြင့် ဆန်းစစ် ဝေဖန် သုံးသပ်ပြန်သော်….ကျွန်ုပ်ကိုယ်တိုင်ပင် သဒ္ဒါဉာဏ်မွဲ…အမြင်တွေဆင်းရဲနေတယ်ဆိုတာ ဝမ်းနည်းစွာပင် သိလိုက်ရပေသည်။ အကြောင်းမူ….ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ သင်အံ ကျက်မှတ်လေ့လာခဲ့ရသောပါဠိစာပေဘာသာစကားကို ဒူးတွေ့နဖူးတွေ့ ပြောကြစတမ်းဆိုလျှင် ခပ်ရေးရေးပင် ပြော ဆိုနိုင်/ရေးနိုင်ခြင်း မရှိသည်မှာ ဒုတိယအကြိမ်ဝမ်းနည်းခြင်းပင်ဖြစ်ပေသည်။ အင်္ဂလိပ်စာသင်ကြားပုံနည်းစနစ်မှာကား……
 (verb)တစ်လုံးကိုတွေ့ရုံနှင့်ဝါကျတစ် ကြောင်းကိုလက်တန်းပြောနိုင်ဆိုနိုင်-ရေးသားနိုင်ခြင်းမှာ…သင်ကြားပုံ နည်းစနစ်ကြောင့်ဟုထင် မြင်ယူဆမိပါသည်။ရဟန်းလောကသားတို့၏ဒုတိယအဆင့်(ဒီဂရီ)အဖြစ်  သတ်မှတ်ခံထားရသော (စာချတန်း)ဓမ္မာစရိယ အောင်မြင်ပြီးသည့်တိုင် ပါဠိစာပေ/ပါဠိစကားကို လက်တန်းမပြောဆိုနိုင် ကြခြင်းမှာ သင်ကြားနည်းစနစ်လိုအပ်ချက်ကြောင့်ဟုမှတ်ချက်ချရပေမည် ဖြစ်ပါသည်။ 
  ရဟန်းတော်များ၏ပါဠိပထမပြန်စာမေးပွဲများ၌လည်းဆန်း/အလင်္ကာ/အဘိဓါန်စာ ဝါများပြဌာန်းမည့် အစားဓမ္မပဒ/ဇာတကနိပါတ်နှင့် ပါဠိစကားပြောအခန်းကဏ္ဍများကို ထည့်သွင်း ပြဌာန်းသွားပါလျှင် ရဟန်းလောကသားတို့အတွက်ပို၍ ကျေးဇူးအကျိုးများမည်ဟုထင်ပါသည်….။ ဥပမာ=တောင်မြို့-မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး-စီရင်ရေးသားတော်မူခဲ့သော… “ပါဠိ+သိက္ခာ”..စာအုပ်ငယ်သည် ပါဠိစာပေစကားပြောကိုသင်ကြားရာ၌အခြေခံအုဌ်မြစ်တစ်ခု အဖြစ်အသုံးဝင်လှပေသည်။ယင်းနောက်-နာဂလှိုဏ်ဂူဆရာတော်ဘဒ္ဒန္တဇာဂရာဘိဝံသ၏ “ပါဠိ စကားပြောလေ့လာနည်း” စာအုပ် သည်လည်းပါဠိစာပေလောကမှာကျင်လည်နေကြသော ရဟန်း တော်များအတွက် အမှီပြုအသုံးဝင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
     ဘုန်းတော်ကြီးပညာသင်ကျောင်းတော်များ၏ ခေတ်ရေစီးကြောင်းတောင်းဆိုမှုကို လက်လှမ်းမကြိုဆို ဥပေက္ခာပြုခြင်းကြောင့်…အရိပ်နားခို-ကျောင်းတော်ပျော်သည့် ကျောင်းသား/ သာမဏေနှင့်ရဟန်းတော် များသည် ကျောင်းခေါ်ခေါင်းလောင်းသံနှင့်အတူလွင့်မျောပျောက် ကွယ်ကာ…ဘာသန္တရစာပေများကို သင်ကြားပေးနေသော…ဘာသန္တရကျောင်းတော်များရှိရာသို့ သူ့ထက်ငါ့လျှင်-အသော့နှင်ကာ ပြေး သွားနေကြလေပြီ…….။ 
   ဘာသန္တရကျောင်းတော်များသို့ မျှော်လင့်ချက်ကိုယ်စီဖြင့် လှမ်းကြွနေကြသော အနှီ သောတု ဇနတို့၏ခြေအစုံကို ရပ်တန့်စေခြင်းငှာ တခုတည်းသော အကြောင်းတရားသည်ကား…. အသစ်နှင့်အဟောင်းပေါင်းစပ်ကာ(ပါဠိနှင့်အင်္ဂလိပ်စာပေါင်းစပ်ကာ)ကောင်းမွန်သော… စံမူ..တရပ်ကို စာသင်တိုက်ကြီးများ၌ မျိုးစေ့ချအကောင်အထည်ဖော်ရန် ချိန်ခါသင့်မြတ်နေပြီ ဟု ယူဆမိပါသည်။ အသစ်နှင့်အဟောင်းပေါင်းစပ်ပြီး ကောင်းမွန်သော စံမူတရပ်ကိုချမှတ်ရာ တွင်အင်္ဂလိပ်စာနှင့်ပတ်သက်၍ကား သင်ကြားပုံနည်းစနစ်ကို အထူးမပြောလိုစေကာမူ….ပါဠိ စာပေကို သင်ကြားရာ၌ အနည်းငယ်မျှ အကြံပြုလိုပါသည်….။ 
         ယင်းပါဠိစာပေကိုလေ့လာသင်ကြား၌“philological”ခေါ်ဘာသာဗေဒ(သဘာဝ. နိရုတ္တိနည်း)ဖြင့် သင်ကြားပေးလျှင် ကာလတိုအချိန်တွင်းမှာ နားလည်တတ်မြောက်နိုင်ပြီး ကမ္ဘာ့ ပညာရေးလောက အလယ်မှာ ပညာရဲရင့်-ပွဲလည်တင့်စေနိုင်ပါသည်။ယင်းဘာသာဗေဒနည်းဖြင့် သင်ကြားနည်းစနစ်ကို ရန်ကုန်/မန္တလေး(န.ပ.သ)တက္ကသိုလ်များနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ကြီး၌ပင်သင်ကြားပို့ချအသုံးပြုနေပြီဖြစ်ပါသည်။ 
   ယင်းအပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်ကြီးသို့ ပညာရင်နို့ သောက်စို့နိုင်ရန် ပြည်ပမှရောက် ရှိလာကြသော နိုင်ငံခြားသားရဟန်းတော်များနှင့်သီလရှင်များအား သဒ္ဒါကျမ်းဆိုင် ရာ ပါဠိစာပေများကိုသင်ကြားပေးရာ၌….ပြည်တွင်းရဟန်းတော်များနှင့် သီလရှင်းများကို သင်ကြား သကဲ့သို့. .ပုဗ္ဗ…ဝိယောဇယေ။သရာသရေ လောပံ။ နယေပရံ ယုတ္တေ…စသည်ဖြင့်သုတ်စဉ်များ ရွတ်ဆိုစေပြီး ခွင်း/ချေ/ကပ်-ပြုလုပ်ကာသင်ကြား၍ကားမရနိုင်ပါ…။   
    ထို့ကြောင့်…ပြည်ပရဟန်းတော်များနှင့်သီလရှင်များအား ပါဠိဆိုင်ရာသင်ကြားရာ၌ တွေ့ကြုံရ သည့်အခက်အခဲကိုကျော်လွားဖြေရှင်းနိုင်ရန်တခုတည်းသောဖြေရှင်းနည်းမှာပါဠိစာ ပေကိုဘာသာဗေဒ (သဘာဝ.နိရုတ္တိနည်း)ဖြင့် ချဉ်းကပ်လေ့လာသင်ကြားနည်းပင်ဖြစ်ပါသည်။ 
   ယင်းသို့ ပါဠိဘာသာကို ချဉ်းကပ်လေ့လာရာ၌ ပါဠိပုဒ်များကိုရုပ်တွက်ရာတွင် သက္ကတပုဒ်များကို မူတည်၍ ဘာသာဗေဒနည်းဖြင့် ရုပ်တွက်သွားလျှင် တိကျမှန်ကန်သော ပါဠိပုဒ်ပြီး/ရုပ်ပြီးများကို ရရှိမည်ဖြစ်ပါသည်။ ပါဠိဆိုင်ရာသဒ္ဒါကျမ်းကြီးများ/အဖွင့်ဋီကာကျမ်းများထဲပါ တစ်ကျမ်းနှင့်တစ်ကျမ်းအ လွန်ကွဲလွဲနေသော ရုပ်တွက်နည်းများကိုကြည့်ရှု၍ ခေါင်းရှုပ်မခံရတော့ပဲ သဒ္ဒါအတွက်အချိန်တွေ ပေးရ ခြင်းမှ အလွန်ပင်သက်သာသွားမည်ဖြစ်ပါသည်။ ပါဠိပုဒ်များကိုရုပ်တွက်ရာ၌ သက္ကတပုဒ် များကို..မူတည်၍..ဟုဆိုစကားရှိလေသောကြောင့် သက္ကတဘာသာ၌ အသုံးပြုသည့်သရများကို အနည်းငယ်တင်ပြသွားမည်ဖြစ်ပါသည်။သက္ကတဘာသာ၌အသုံးပြုသည့်သရများမှာ ( ၁၄ ) လုံးရှိပါသည်။ ယင်းတို့မှာ….“a,ā/ i,ī/ u,ū/ṛ,ṝ/lṛ,lṝ /(မူလသရ)”။e/o(ဂုဏသရ)။ai/au(ဝုဒ္ဓိ သရ)တို့ဖြစ်ကြပါသည်။ ((စကားချပ်=ယင်းသရတို့ကို..အ/အာ။ဣ/ဤ။ဥ/ဦ။ရိ/ရီ။လရိ/ လရီ(မူလသရ)။ဧ/သြ။(ဂုဏသရ)။အဣ/ အဥ (ဝုဒ္ဓိသရ)တို့ဟူ၍ ဖတ်ကြပါကုန်))။ 
(၁) ။ မူလ သရ(၁၀)လုံး တွင်- i.ī သည်‘y’= ယ သို့၎င်း ၊‘u.ū’ သည်‘v’=(ဝ)သို့၎င်း၊ ṛ.ṝ-သည်‘r’=(ရ)သို့၎င်း၊ lṛ.lṝ သည်‘ l ’=(လ)သို့၎င်းပြောင်းသွားတတ်၏။ (ထို့ကြောင့် ယ.ဝ.ရ.လ-တို့သည်ဆိုင်ရာသရတို့မှ ပြောင်းလဲလာသည့်ဗျည်းများဖြစ်၍-ဗျည်းအ စစ်မဟုတ်ဟုမှတ်ရာ၏)။ 
(၂)။ ‘ i –ī ’သည်‘e’သို့၎င်း၊‘u.ū’သည်‘o’သို့၎င်း၊‘ṛ.ṝ ’သည်‘ar’သို့၎င်း၊‘lṛ.lṝ ’သည် ‘al’သို့၎င်း ဂုဏသရအဆင့်သို့တိုးချဲ့ပြောင်းသွားတတ်၏။(ထို့ကြောင့် ဗျည်းမဖက်သရသက်သက် ဖြစ်သော‘e/o’တို့ကိုသာဂုဏသရဟုခေါ်ဆို၏)။ 
(၃) ။ တဖန်- ‘e’သည်‘ai’သို့၎င်း၊‘o’သည်‘au’သို့၎င်း၊‘ar’သည်‘ār’သို့၎င်း၊‘al’သည် ‘āl’သို့၎င်း-ဝုဒ္ဓိသရအဆင့်သို့ထပ်တိုးချဲ့၍ပြောင်းသွားတတ်၏။(ထိုတွင်-ဗျည်းမဖက်သရသက် သက်ဖြစ်သော‘ai/au’တို့ကိုသာ ဝုဒ္ဓိသရဟုမှတ်ယူရမည်)။
ဤသို့လျှင်…. 
(၁) ။ မူလသရမှ ဂုဏသရသို့၊ ဂုဏသရမှ ဝုဒ္ဓိသရသို့ တိုးချဲ့ပြောင်းသွားတတ်ပုံကို၎င်း။
 (၂) ။ ဝုဒ္ဓိသရမှ ဂုဏသရသို့၊ ဂုဏသရမှ မူလသရသို့ နောက်ပြန်ကျုံ့၍ပြောင်းတတ်ပုံကို၎င်း၊ 
(၃) ။ တဖန်- ‘a.ā’သရမှတစ်ပါးသော မူလသရ-၄-စုံမှ‘y.v.r.l ’ဗျည်းတု-၄လုံးသို့၎င်း၊‘e/o’မှ ‘ay/av’သို့၎င်း၊‘ai/au’ မှ‘āy/āv’သို့ပြောင်းသွားတတ်ပုံကို၎င်း နားလည်ထားရမည်ဖြစ်ပေ သည်။ စကားလုံးတို့မှ ဓာတ်တို့ကိုထုတ်နုတ်တီထွင်-ကြံဆရာတွင် အာချာတ်ပုဒ်နှင့်ကိတ်ပုဒ် (၂)မျိုးလုံးကိုထောက်ရှု့၍တစ်မျိုးမျိုး၌ မူလသရပါနေလျှင်-ထိုပုဒ်တို့၏ဓာတ်မှာ မူလသရနှင့်သာ ထားရှိရပေမည်။(ဥပမာ)= “karoti, kṛta,(pāli=kata)”စသည်တို့၌‘ṛ’ပါရှိနေသဖြင့် ထိုပုဒ်တို့ ၏ဓာတ်ကို‘√kṛ ’ဟုယူရာ၏။ ထို့အတူ-nayati,neti,nīta,nayana-စသည်တို့၌‘ī ’ ပါရှိနေသ ဖြင့် ထိုဓာတ်တို့၏ပုဒ်ကို‘√nī ’ဟုယူရာ၏။ Bhavati,bhoti,bhūta,-စသည်တို့၌‘ū ’ပါရှိနေသဖြင့် ထိုပုဒ်တို့၏ဓာတ်ကို‘√bhū’ ဟုယူရာ၏။‘jayati,jeti’-စသည်တို့၌‘ I ’ပါရှိနေသဖြင့် ထိုပုဒ်တို့၏ဓာတ်ကို‘√ji ’ ဓာတ်ဟု ယူရာ၏။‘ravati,ruta,ravana’-စသည်တို့၌‘u’ ပါရှိနေသဖြင့် ထိုပုဒ်တို့၏ဓာတ်ကို‘√ru’ဓာတ် ဟုယူရာ၏။ သို့ရာတွင်- ‘sevati,sevita,sevana’-စသည်တို့၌ မူလသရလုံးဝမပါရှိပဲ-‘e’ဂုဏသ ရသာပါရှိသဖြင့် ယင်းဓာတ်ကို‘√sev’ဟုကြံဆတီထွင်ရာ၏။ 
     အားလုံးသော အာချာတ်ပုဒ်၊ကိတ်ပုဒ်၊ရိုးရိုးနာမ်ပုဒ်တို့ကို ဓာတ်များမှထုတ်နုတ်ယူ အပ်၏-ဟူသော သက္ကတဘာသာ၏“ဘာသာဗေဒ” မူအရ….. 
(၁) ။ ဓာတ်များထဲမှာပါရှိသော မူလသရများကို ချဲ့၍ ပစ္စည်း,ဝိဘတ်များဆက်လိုက်လျှင် အာ ချာတ်ပုဒ်၊ကိတ်ပုဒ်၊နာမ်ပုဒ်တွေဖြစ်လာပေ၏။တဖန်-ထိုပစ္စည်း,ဝိဘတ်များကိုဖယ်ထုတ်၍ ချဲ့ ထားသည့် သရများကို မူလသရသို့ ပြန်ကျုံ့လိုက်လျှင် မူရင်းဖြစ်သည့်ဓာတ်များကို ပြန်ရရှိပေ မည်။ ဥပမာ= √nī>ne>ay+a+ti=nayati။ √nī>ne>ay+ana=nayana။ √Bhū>bho>bhav+a+ti=bhavati။
 (၂) ။ တဖန်-nayati-မှ‘a+ti’ကိုဖယ်ထုတ်‘naya’မှ‘ay’ကို မူလသရသို့ ပြန်ကျုံ့လိုက်လျှင် √nī-ဓာတ်ကိုရရှိပေသည်။ထို့အတူ-bhavati-မှ-a+ti-ဖယ်ထုတ်၍‘bhav’မှ‘av’ကို မူလသ ရသို့ ပြန်ကျုံ့လိုက်လျှင် √bhū-ဓာတ်ကိုရရှိပေသည်။ ဤသို့အားဖြင့် အလွန်စနစ်ကျလှသော ဓာတ်မှပုဒ်သို့/ပုဒ်မှဓါတ်သို့(ရှေ့တိုး နောက် ဆုတ်)လွန်းပြန်ပြောင်းလဲသွားပုံကို နားလည်ထားရပေ သည်။ဤသည်ကား….ပါဠိဘာသာစာပေ ကို သက္ကတနယ်ပယ်ထဲဝင်၍ ဘာသာဗေဒ ရှုထောင့်မှ ချဉ်းကပ်လေ့လာနည်းကို အမြွက်မျှတင်ပြ ဆွေးနွေးခြင်းသာဖြစ်ပါသည်။ 
  အချုပ်အားဖြင့်ဆိုရသော်…ပါဠိနယ်ပယ်မှာ နှစ်ရှည်လများ လေ့လာကျက်မှတ်သင်ယူ နေကြရသော်လည်း ပါဠိဘာသာကို ကောင်းစွာလိမ္မာ ကျွမ်းကျင်ခြင်းမရှိရကား ၊ ပါဠိမှ-မြန်မာ/ မြန်မာမှ-ပါဠိသို့ လွယ်လင့်တကူမကူးခတ်နိုင်သော ဘဝတူသောတုဇနများသို့ အကျိုးများမည်အ ထင်ရှိ၍ ခေတ်ကာလ၏နည်းစနစ်တခုကို မျှဝေလိုက်ရခြင်းသာဖြစ်ပါသည်။ အကျိုးလို၍- အကြံ ပြုလိုသည်မှာ… နာမ်ဂိုဏ်း/အာချာတ်ကြိယာဂိုဏ်းစဉ်တွေကိုသာ အရကျက်မှတ်စေပြီး…ကိတ်ပုဒ် တည်ဆောက်ပုံကိုနားလည်အောင် သင်ကြားပေးပြီးနောက်-ပါဠိဝါကျများကို မြန်မာသို့ပြန်စေခြင်း /မြန်မာဝါကျများကို ပါဠိသို့ပြန်ဆိုစေခြင်း-ပါဠိဘာသာဖြင့် ရေးနည်း-ပြောနည်းတွေကို လက်တွေ့ များများ လေ့ကျင့်ပေးရန်အကြံပြုလိုက်ပါသည်။ ယင်းသို့ပါဠိဘာသာကို သင်ကြားပေးပြီးနောက် တဆင့်တက်၍ ပါဠိဘာသာနှင့်ဘာ သာမျိုးရိုးတူကာ သဒ္ဒါစည်းကမ်းတိကျတင်းကျပ်လှသော သက္ကဘာသာကိုခေတ်မှီနည်းစနစ်ဖြစ် သော ဘာသာဗေဒ(သဘာဝ.နိရုတ္တိ)နည်းဖြင့် ပါဠိ+သက္ကတနှိင်းယှဉ်လေ့လာသင်ကြားခြင်းဟူ သော နှစ်လမ်းသွားနည်းစနစ်ဖြင့်“သင်ကြားပုံ-စံမူ’’ကိုဖော်ဆောင်ကျင့်သုံးသွားကြလျှင်.ကမ္ဘာ ကြီးသည် ငါတို့နှင့်မဆိုင်သလိုငြိမ်သက်တိတ်ဆိတ်ခြင်းကို အဖော်ပြုနေကြရသော , ဆယ်စုနှစ် များစွာတို့၏ဥပေက္ခာပြုခြင်းကိုခံစားရလျက်…ဝိညာဉ် ကင်းပြတ်လုနီးနီးဖြစ်နေကြရှာသောဘုန်း တော်ကြီးကျောင်းများ၏ အနာဂါတ်ခေါင်းလောင်း သံသည်ကား….မြန်မာမှသည်…ကမ္ဘာသို့၊ ကမ္ဘာ မှသည်…လောကသားတို့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး ဓမ္မတေးတစ်ပုဒ်အသွင်ဆောင်ကာ ပျံ့နှံ့ သွားပေလိမ့်မည်…ဟူ၍ တင်ပြယင်း ဤစာတမ်းကို နိဂုံးချုပ်အပ်ပါတော့သည်ဘုရား……..။
းးးအနေရိုး၍-အမြင်ဆန်းသစ်နိုင်ကြပါစေးးးးးး 
 အရှင်ဥာဏောဘာသ ( M.A) 
ဆန်စကရစ် တက္ကသိုလ်
 ဗာရာဏသီ။
 (ကျမ်းကိုး=ဆရာကြီးဦးမြင့်ဆွေ-၏သက္ကတ-သဒ္ဒါကျမ်းကိုမှီငြမ်းပါသည်။)
ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်
$
0
0
     ရဟန်းဆိုသော အသုံးအနှုံးဟာ ပါဠိဘာသာ အရဟန္တ-ပုဒ်မှ လာသော စကားဖြစ်ပါတယ်၊ အရဟန္တပုဒ်ကို ပူဇော်အထူးကို ခံထိုက် သူလို့ အဓိပ္ပါယ်မှတ်ယူရပါတယ်၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ အရိယာ ပုဂ္ဂိုလ်ရှစ်ယောက် အတွင်းက အထွဋ်အထိပ်ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်၊ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာအညစ်အကြေး မရှိတော့တဲ့ အတွက်ကြောင့် ရဟန္တာ ပုဂ္ဂိုလ်ဟာ ပူဇော်အထူးကို ခံထိုက်တယ်ဆိုတာ ဘာမှငြင်းဆိုစရာ မရှိတော့ပါ။ 
   ယခုမျက်မှောက်ခေတ် ရဟန်းတော်အချို့သည် ကိလေသာမကုန် ကြသေး၍ လောဘအာရုံနဲ့တွေ့ရင် လောဘ ဖြစ်တယ် ဒေါသအာရုံနဲ့တွေ့ရင် ဒေါသဖြစ်တယ်၊ ကိလေသာ မကုန်ကြသေးသည့်အတွက် ရဟန္တာပုဒ်ကဖြစ်လာသော ရဟန်းဆိုတာ ဖြစ်မှဖြစ်ပါမ လားလို့ တွေးမိ ပါတယ်၊ သို့သော်လည်းရဟန်းဆိုတာ ပုထုဇဉ်မျှသာရှိသေးတော့ ကိလေသာ ကျန်သလောက် ကျန်ပါ တယ်။ ကိလေသာကျန်ရုံမျှနှင့် ရဟန္တာမဖြစ်သင့်ဘူးလိုတော့ မဆိုထိုက်ပါ၊ သာသနာဆိုသည်မှာ အဆုံးအမကိုခေါ်ပါတယ်၊ မည်သူ အဆုံးအမ ဖြစ်သလဲဆိုရင် ဗုဒ္ဓဘုရားရှင် ဟောတော်မူသော အဆုံးအမဖြစ်ပါတယ်၊ ဗုဒ္ဓဘုရားရှင်ဟာ မည်သည့်အရာတွေကို ဆုံးမသလဲ ဆိုရင် တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ပျက်နေရတာတွေဟာ အလွန်ဆင်းရဲတယ်၊ အလွန်ဆင်းရဲသော ဒုက္ခသံသရာထဲ ၀ဲလယ်သလို အကြိမ်ကြိမ်ဖြစ်ရခြင်းသည် တခြားမဟုတ် မိမိတို သန္တာန်မှာ မှီခိုကိန်းအောင်းနေသော ကိလေသာကြောင့် ဖြစ်ပါတယ် လို့ ဟောတော်မူပါတယ်၊ ဒါကြောင့် သံသရာဝဋ်ဆင်းရဲအပေါင်းက လွတ်မြောက်အောင် ကိလေသာမီးတွေကို ငြိမ်းသတ်ရမယ်လို့ ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။ 
     ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ ဗုဒ္ဓဟောကြား တော်မူသော တရားတော်တွေကို ထိုက်သလောက် နားလည်ကြ ပါတယ်၊ သို့ပေမဲ့လည်း ဗုဒ္ဓဘာသာဝင်တိုင်းဟာ မိမိတို့သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကို ကုန်ချင်ကြတယ်။ ကိလေသာကုန်ပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုလိုကြပါတယ်။ မိမိတို့သန္တာန်မှာ ကိလေသာရှိမှန်း၊ ကိလေသာကြောင့် သံသရာလည်နေမှန်း၊ ကိလေသာ မရှိတော့ရင် သံသရာက လွတ်မှန်းသိကြတယ်၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘုရားရှင် ဟောဖော်ညွန်ပြ ဆိုဆုံးမ ခဲ့သော တရားတော်များကို နာကြားဘူးလို့ပါ။ ရဟန်းတော်များသည် မြတ်ဗုဒ္ဓရဲ့ တရားတော်များကို နာဖူးကြတယ်၊ ကြားဖူးကြပါတယ်၊ နာဖူးကြားဖူးရုံမျှမဟုတ် ယုံလဲယုံကြည် ကြတယ်၊ ယုံကြည်သည့် အတိုင်း မိမိတို့သန္တာန်မှာ ကိလေသာတွေကုန်အောင် အားထုတ် နေကြသော ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ 
    သာမဏေဘ၀၀င် ရောက်စဉ် က အရှင်ဘုရား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် တပည့် တော်ကို သာမဏေပြုပေးတော်မူ ပါလို့ တောင်းဆိုခဲ့ကြပါတယ်၊ ရဟန်းဘ၀ရောက် သော်လည်း သံဃာတော်သည်တပည့်တော်ကို သံသရာတည်းဟူသော ၀ဲသြဃရေအလျှင်မှ ထုတ်နှုပ်၍ နိဗ္ဗာန် တည်းဟူသော ကြည်းကုန်းထက်သို့ ရောက်အောင် ကယ်တင်တော် မူတော်ပါဟု လျှောက်ထားကာ သံသရာမှ လွတ်လိုသော ရည်ရွယ် ချက်ဖြင့် ရှင်ရဟန်းဝတ်ခဲ့ကြပါတယ်။ 
    ထိုကြောင့် ရဟန်းတော်များ၏ သန္တာန်မှာ ကိလေသာရှိသေးသော်လည်း ကိလေသာရဲ့အလိုနောက် လိုက်နေတာမဟုတ်၊ ကိလေသာရဲ့ အပြစ်ကိုသိပြီး ကိလေသာ ကုန်အောင် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ ခရီးသွားသော ပုဂ္ဂိုလ်သည် သူရည်မှန်းချက်အတိုင်း၊ သူသွားလိုရာကို ဧကန်ရောက် သလို နိဗ္ဗာန်ခရီးကို ချီတက်နေသော ရဟန်းသည်လည်း ကိလေသာ ကုန်ခန်းပြီး နိဗ္ဗာန်ကို ဧကန် ရောက်မည် ဖြစ်ပါတယ်။ ထိုကြောင့် ကိလေသာမကင်းသေးသော ပုထုဇဉ်ရဟန်းများသည် ကိလေသာ ကင်းသော အပူဇော်ခံထိုက်သည့် အရဟန္တဖြစ်သင့်ပါတယ်။ တနည်း အားဖြင့် ဗုဒ္ဓသာသနာတော် အတွင်း ၀င်ရောက်သူတို့တွင် နှစ်ယောက်ရှိပါတယ်၊ တယောက်က မိစ္ဆာဒိဌိ ဘ၀မှ အမြင်မှန်ရပြီး ၀င်ရောက်သူဖြစ်ပြီး နောက်တယောက်က အမြင်မှန်ရပြီးသာ လူသားဘ၀က ရှင်ရဟန်းအဖြစ် ၀င်ရောက်သူတို့ ဖြစ်ကြပါတယ်။ မိစ္ဆာဒိဌိဘ၀မှ ဗုဒ္ဓဘာသာဝင် အဖြစ် ၀င်ရောက်လိုသော ပုဂ္ဂိုလ် သည် ဘုရားကိုကိုယ်ကွယ်ပါ၏၊ စတဲ့သရဏဂုံသုံးပါကို ရွတ်ဆိုပြီးမှ ဗုဒ္ဓဘာသာဝင်အဖြစ် ၀င်ရောက်နိုင်ပါတယ်၊ သမ္မာဒိဌိလူသားဘ၀မှ ရှင်ရဟန်းပြုခြင် ပြန်ရင်လည်း သရဏဂုံသုံးပါကို သာလျှင် ရွတ်ဆို ကြရပါတယ်၊ သရဏဂုံသည် သာသနာတော်ရဲ့ အစလည်း ဖြစ်ပါတယ် သရဏဂုံကို ရွတ်ဆိုခံယူပြီးသူနှင့် မခံယူုသူတို့၏ ကွာခြားပုံမှာ သရဏဂုံရွတ်ဆိုပြီး ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲနှင့် ကိလေသာရဲ့ အပြစ်တို့ကို သိပါတယ် ဗုဒ္ဓဘာသာဝင်မဟုတ်သူမှာ သံသရာ၏ဆင်းရဲကိုလည်း မသိ၊ ကိလေသာ တရားတို့၏ ဆိုးဝါးသော အပြစ်တိုကိုလည်း မမြင်ဘဲ ဖြစ်တတ်ပါတယ်။ တဖန် မိစ္ဆာဒိဌိဘ၀မှ သမ္မာဒိဌိအဖြစ် ခံယူထား သော ဗုဒ္ဓဘာသာဝင်လူသားနှင့် ရဟန်းများလည်း ကွာခြားချက်များ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် လူသားများမှာ ကိလေသာတို့၏ အပြစ် ကို သိကြပါတယ်၊ ဒါပေမဲ့ ကိလေသာကိုတော့ မပြစ်ရက်ကြပါဘူး။ ရှင်ရဟန်းတော်တွေဟာ ပုထုဇဉ်ပင်ဖြစ်စေဦးတော့ အပူဇော်ခံထိုက် သော အရဟန္တပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်၊ 
      ယခုရဟန်းတော်များကို ဗုဒ္ဓဘာသာ ၀င်များက ဘုရားတစ်ဆူ ဂူတစ်လုံးထားပြီး ရပ်ဦးရွာဦး မှာကျောင်းကြီးတွေ ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့ကြပါတယ်၊ ထိုရဟန်းတော်များသည် လူများကဲ့သို့ မည်သည့်အလုပ်ကိုမှ လုပ်ကိုင်ခြင်းမပြုစေဘဲ အစား အသောက် အ၀တ်အရုံကစ၍ တင့်တောင်း တင့်တယ် လှူဒါန်းခဲ့ ကြပါတယ်၊ ထိုသို့လှူဒါန်းခြင်းမှာ ရဟန်းတော်များသည် ငါတို့ထက် သီလ၊သမာဓိ၊ပညာ သာတယ်လို့ ယူဆပြီး လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုကြောင့် ဒါယကာ ဒါယိကာမတို့၏ စေတနာကို ရဟန်းတော်မှန်သမျှ အလွန်ငဲ့ကွက်စရာ ကောင်းပါတယ်၊ အခုခေတ်များစွားသော ရဟန်းသာမဏေများသည် ဒါယကာဒါယိကာမတို့ရဲ့ စေတနာကို မငဲ့ကွက်ပဲ လောဘ အရာမှာလည်း အလွန်လောဘကြီး၊ ဒေါသအရာမှာလည်း အလွန် ဒေါသကြီး၊ မာနတရားမှာလည်း အလွန် မာနကြီးကြတာကို တွေ့မြင် နေကြားနေရပါတယ်၊ ထိုကဲ့သို လောဘ၊ဒေါသ၊မောဟ ကြီးကြတဲ့ ပုဂ္ဂိုလ်များမှာ အညတြအစားထဲကမဟုတ်ကြဘဲ အထက်တန်းကျကျ ပုဂ္ဂိုလ်တွေ ဖြစ်နေတာကို မြင်နေကြားနေရပါတယ်၊ အထက်တန်း စား ပုဂ္ဂိုလ်တွေတောင် ကိလေသာ အားကြီးခဲ့လျှင် လူပုဂ္ဂိုလ်တွေမှာ ပိုပြီး ကိလေသာအားကြီးလိမ့်မယ်လို့ ယူဆမိပါတယ်။ 
     ထိုကြောင့် အားနည်းအောင်ပြုလုပ်ရမည့် ကိလေသာကိုအားကြီးအောင် ပြုလုပ် နေကြတဲ့အတွက် ပုထုဇဉ် ရဟန်းများကို အပူဇော်ခံထိုက်သော ရဟန်းများမှဟုတ်ပါလေစလို့ သံသယ၀င်မိပါတယ်။ ဒီနေရာလေးမှာ ပုဂ္ဂိုလ်နှစ်မျိုးကို ခွဲခြားပြီး ပြောပြခြင်ပါတယ်၊ (၁)ဘ၀ကိုသိသော ပုဂ္ဂိုလ် (၂)ဘ၀ကို မသိသော ပုဂ္ဂိုလ်ဟု နှစ်မျိုးရှိပါတယ်၊ 
(၁)ဘ၀ကို သိသော ပုဂ္ဂိုလ်ဟာ ငါသည် ရဟန်းဖြစ်တယ်၊ ရဟန်းဆိုတာ အိပ်ကာစားကာပျော်ရွင်စွာ နေကောင်းသူမဟုတ် သံသရာတစ်ခွင် မှာ ငါထံ ခိုအောင်းနေပြီး၊ ဘ၀တိုင်းငါ့ကိုနှိပ်စက်နေသော ကိလေသာဘေးရန်ကို တွန်းလှန်ဖျက်ဆီး ရမည့်ပုဂ္ဂိုလ် ဖြစ်သည်ဟု သိပါတယ်၊ 
(၂)ဘ၀ကိုမသိတဲ့ပုဂ္ဂိုလ်ဟာ ရဟန်းသာ ပြုနေပြီး မိမိ ကိုယ်ကို ရဟန်းတောင် သိတတ်တာမဟုတ်ပါဘူး၊ ဒါကြောင့် အဲဒီပုဂ္ဂိုလ်ဟာ လာဘ်ရမူ့ ကိုသာကို ကြည့်တယ်၊ နိဗ္ဗာန်ကို မကြည့် ဘူး၊ 
      ဒီနေရာမှာ ဓမ္မပဒကလာတဲ့ ၀န၀ါသီတိဿ သာမဏေ၀တ္ထုကို အကျဉ်းချုပ် တင်ပြခြင်ပါတယ်။ ရှင်သာရိပုတ္တရာမထေရ်ဟာ သင်္ကန်းဝတ်ချင်ပါသလားလို့ တိဿကိုမေးတော့ဟုတ်ပါတယ်လို့ ပြန်ပြောတယ်၊ ရှင်သာရိပုတ္တရာက ရှင်ရဟန်းပြုတယ်ဆိုတာ မလွယ်ဘူး၊ ကိုယ်ကအပူလိုခြင်ပေမယ့် အအေးနဲ့တွေ့ရတယ်၊ အအေးလိုခြင်ပေမယ့်အပူနဲ့ တွေ့ရတတ်တယ်၊ အိမ်မှာလိုဇိမ်နှင့် မနေရဘူး၊ ဆင်းဆင်းရဲရဲ နေရတယ်။ အသင်သူငယ်က ချမ်းချမ်း သာသာ ကြီးပွားလာသူဖြစ်တယ်၊ ဒုက္ခခံပြီး သင်္ကန်းဝတ်နိုင်ပါမလား လို့ မေးတော်မူသောအခါ တိဿသာမဏေက ၀တ်နိုင်ပါတယ်လို့ ၀န်ခံသည့်အတွက် သာမဏေ၀တ်ပေးလိုက်ပါတယ်။ 
    တိဿ သာမဏေဟာ ဟိုဘ၀က ဒါနမျိုးစေ့ပါခဲ့သူမို့ ငယ်ရွယ်စဉ်ကလည်း အလွန်းလာဘ်လာဘပေါတယ်၊ သာမဏေ၀တ်တော့ ရှေ့ကထက် တိုးပြီး လာဘ်လာဘပေါတယ်၊ အလှူအတန်းလာသူတွေ နှင့် တအုန်းအုန်းဖြစ်၍ နေပါတယ်၊ ဒီတော့ သာမဏေတိဿက ကြံစည်စဉ်းစားတယ်၊ ငါသည် ပစ္စည်းလိုခြင်လို့ သင်္ကန်းဝတ်တာ မဟုတ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင်းတ၍ သင်္ကန်းဝတ်ခြင်း ဖြစ်တယ် ဒီပုံစံနဲ့တော့ ငါတရားကျင့်လိုဖြစ်မှာ မဟုတ်ဘူး၊ တောထဲ သွားပြီး တရားအားထုတ်မှ ဖြစ်မယ်လို့ အကြံဖြစ်ပြီး၊ ဘုရားရှင်ထံ တော်က အရဟတ္တဖိုလ်တိုင်အောင် ကမ္မဌာန်းတရားတွေ သင်ယူပြီး အားထုတ်ခဲ့ရာ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်သွားပါတယ်။ 
      သီတင်းဝါလ ကျွတ်တော့ သာမဏေကို ချီးမြောက်ဖို့ရန် ရှင်သာရိပုတ္တရာနှင့်တကွ သံဃာတော်(၄၀၀၀) ကြွရောက်တော်မူကြပါတယ်၊ ဘုရားရှင် သာဝတ္ထိပြည်ဇေ၀န်ကျောင်းကို ပြန်ရောက်တော်မူသောအခါ ရဟန်းတော်များ စကားပြောနေကြပြီး၊ ငါ့အရှင်တို့ တိဿသာမဏေ ဟာ ပဋိသန္ဓေတည်နေစဉ် ကာလအတွင်းမှာ ဆွေမျိုးအပေါင်းတို့က ရဟန်းတော်များအား နိ့ဃနာဆွမ်း ပေးလှူကြတယ်၊ သာမဏေ ဖြစ်ပြန်တော့လည်း နှစ်ရက်အတွင်း ပုဆိုးတထောင်၊ ဆွမ်းတထောင် ရပါတယ်၊ နောက် ကမ္ပလာတထောင်လဲ ရတယ်၊ သူနေတဲ့အရပ်မှာ လာဘ်သပ်ပကာ အလွန်ပေါများပါတယ်၊ ဒီလောက် လာဘ်လာဘ တွေ ပေါများပါလျှက်၊ လာဘ်လာဘတွေ အကုန်စွန့်ပြီး တောထဲမှာ ဆင်းဆင်းရဲရဲကျင့်ကြံ နေထိုင်ခြင်းဟာ အလွန်အံ့သြဖွယ် ကောင်းလှ ပါတယ်လို့ ပြောဆိုကြပါတယ်။ 
     ဤကဲ့သို့ ရဟန်းတော်များ၏ စကားကို အကြောင်းပြုပြီး ဘုရားရှင်ဟောတော်မူသော တရားမှာ အလွန်မှတ်သားဖွယ်ရာ ကောင်းလှပါတယ်။ ချစ်သားတို့လာဘ် များခြင်း၏ အကြောင်းဖြစ်သော အကျင့်သည်တစ်ပါး၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည်တစ်ပါး၊ ထိုနှစ်ပါးသော အကျင့်ကို အထူးသဖြင့်သိ၍၊ ငါဘုရား၏ တပည့်သာဝကဖြစ်သော ရဟန်းသည် လာဘ်လာဘပူဇာသက္ကာရကို မနှစ်သက်ရာ၊ ၀ိဝေကသုံးပါးကို အစဉ်ပွားများကြကုန်လော့ဟု ဗုဒ္ဓဟောတော် မူခဲ့ပါတယ်။ သိုသော်လည်း ပုထုဇဉ်မှန်သမျှ လောဘ၊ဒေါသ၊ အစရှိတဲ့ ကိလေသာတွေရှိနေမှာ ဧကန်ဖြစ်ပါတယ်၊ ထိုကြောင့် ဘ၀ကိုသိတဲ့ပုဂ္ဂိုဟ်က လောဘ၊ဒေါသ၊စတဲ့ ကိလေသာရဲ့အပြစ်ကို သိလို့ လောဘ၊ဒေါသ၊မာန၊ တို့ကို ဆင်ခြင်ပျောက်ဖျက်နိုင်ပါတယ်၊ ဘ၀ကို မသိတဲ့ပုဂ္ဂိုလ်ဟာ လောဘ၊ဒေါသ၊မာန်မာနတိုရဲ့ အပြစ်ကို မသိလို့ လောဘနောက်၊ ဒေါသနောက်၊ မာန်မာနနောက် တကောက်ကောက် လိုက်နေတက်ပါတယ်။ 
     ရဟန်းတော်များသည် သင်္ကန်းဝတ်ထားသော်လည်း ပုထုဇဉ်ရဟန်း ဖြစ်လေတော့ ဘ၀ကို မသိတဲ့ပုဂ္ဂိုလ် ပိုများလိမ့်မယ်လို့ တွေးမိပါတယ်။ ပုထုဇဉ်ရဟန်း ဖြစ်ကြသော်လည်း အထိုက်အလျှောက် လောဘ၊ဒေါသ၊ ရှိနိုင်ပါ တယ်၊ သို့ပေမယ့်လည်း ရဟန်းသည် ကိလေသာတွေရဲ့ အပြစ်ကို သိထား၊မြင်ထားပြီး၊ ဆိုးဝါးသော ကိလေသာကို အသေ သတ်မှ တော်မည်ဟု ရည်ရွယ်ကာ ဒီကိလေသာတွေကို သေအောင် သတ်နေကြပါတယ်၊ ကိလေသာကလဲ ငုံ့မခံ၊ သတ်တဲ့သူကို ပြန်သတ်တတ်သည် ဘတစ်ပြန်ကျားတစ်ပြန် သတ်ကြရင်း (တရားအားထုတ်ရင်း) သေချင်လည်းသေမည်၊ ဒါပေမဲ့ ယုတ်မာ သော သေခြင်းမဟုတ်၊ မြတ်သော သေခြင်းလို့ ဆိုရမည်ဖြစ်ပါတယ်။ 
      ထိုကဲ့သို့မဟုတ်ဘဲ မိမိနှင့် ကိလေသာအပြိုင်အဆိုင် သတ်ကြရာ ကိလေသာက နိုင်လို့ မိမိက တရားအားထုတ်ရာက ထွတ်ပြေးသွားရ သည် ဆိုလျှင် မမြတ်သော ပြေသွားခြင်း ဖြစ်ပါလိမ့်မယ်၊ ထို့ကြောင့် ရဟန်းတော်များသည် ကိလေသာကို အရှံးမပေးဘဲ ၊နိုင်အောင် တိုက်ကြရင်း၊ နိဗ္ဗာန်ခရီးကို ချီတက်ကာ၊ ရဟန်း ပြုရခြင်း၏ ရည်ရွယ်ချက် ဆိုသော ခေါင်စဉ်လေးနဲ့ စာတမ်းဖတ်ပွဲကြီး အောင်မြင်ပါစေ ကြောင်း ဆုတောင်းပတ္ထနာ ပြုလိုက်ပါရတယ်။ 
      ကျမ်းကိုးစာရင်း-- ဤစာတမ်းကို ဓမ္မပဒအဌကထာ၌လာသော ၀န၀ါသီ တိဿသာမဏေ ၀တ္ထုကို အခြေခံ၍ သင်ဆရာမြင်ဆရာ ကြားဆရာ တို့၏ နည်းကိုမှီကာ ရေးသားထားသည့်အတွက်ကြောင့် အမိအဘ ရာသမားအားလုံး တို့အား ဦးညွတ်ဂါရ၀ပြုရင်းဖြင့်။ 
အရှင်ဇောတိက(သုံးခွ)
 M.A (Previous) 
ဆန်စကရိက် တက္ကသိုလ်။ 
ဗာရာဏသီ။
ဘ၀ အားမာန်
$
0
0
           ဘုရားအဆူဆူ ပွင့်တော်မူသောနေရာ မြတ်စွာဘုရား ထားရစ်ခဲ့တဲ့ ဖွား-ပွင့်-ဟော-စံ လို့ခေါ်တဲ့ သံဝေဇနိယ လေးဌာန ရှိတော်မူတဲ့နေရာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ အထွဋ်အမြတ် ထားတဲ့နေရာ ဒီလို အံသြ ချီးကျူးဖွယ်မကုန်နိုင်တဲ့ နေရာဒေသလေးမှာ နေထိုင်ခွင့်, ပညာသင်ခွင့်, ရရှိတဲ့အတွက် အတိုင်းမသိ အားရကျေနပ်မိပါသည်။ အားရဝမ်းမြောက်မှု့တွေ ထပ်ဆင့်လို့ ဖြစ်စေတာကတော့ ဗာရာဏသီကျောင်းသား များရဲ့ ဥက္ကဌ ဘုရားတပည့်တော် တို့ရဲ့ နောင်တော်ကြီး ဆရာတော်ဦးနိပုဏာလင်္ကာရ ရဲ့ ဦးဆောင်မှု့ စေတနာသဒ္ဓါတရားတွေနဲ့ စာတမ်းဖတ်ပွဲကြီးကျင်းပပြုလုပ်နေတဲ့နေရာမှာ ဘုရားတပည့်တော်အနေနဲ့ “ဘဝ-အားမာန်” ဆိုတဲ့ စာတမ်းလေးကို ရေးခွင့်, ဖတ်ခွင့်, ရတဲ့အတွက်လဲ ဝမ်းမြောက်ဝမ်းသာ ရှိလှပါသည်။ 
                              “ဘဝ” 
        ဘဝဆိုတာကို ဘယ်လောက်ပဲတွေးတွေး ဘယ်လောက်ပဲရေးရေး ပြီးပြည့်စုံ အောင်ဖော်ပြနိုင်မှာ မဟုက်ပါဘူး.. တွေးနိုင်တယ်ဆိုလဲ တယောက်ကို အတွေးတခုစီ ရှိနေမှာပါ ရေးနိုင်တယ်ဆိုရင်လဲ တယောက်ကို တပုဒ်စီဖြစ်နေမှာပါ..လောကဓံရဲ့ လှိုင်းအပုတ်မှာ မျှော်လင့်ချတ် ရေလှိုင်းတွေကို ဒုက္ခကျောက်ဆောင်တွေနဲ့ တိုက်မိလို့ အနာဂါတ်အိမ်မတ်လေးတွေတစစီကျိုးပဲ့ ပျတ်စီး ခဲ့ရပြီး ပြုံးတလှည့် ငိုတလှည့်နဲ့ ဘဝဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံလို့ ကိုယ့်ဘဝရပ်တည်ရေး အတွက် ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ လိမ်ကြ ညာကြတာလဲ ဘဝထဲကလူတွေပဲဖြစ်နေပါလိမ့်မည်။ 
           ဒီလောကကြီးထဲမှာ ဘဝပေါင်းများစွာ မရေတွက်နိုင်အောင်ရှိပြီး အသီးသီး သူ့အကြောင်းနဲ့သူ ကျင်လည်လှုပ်ရှားနေရင်း သူတို့ရဲ့ လုပ်ရပ်အတိုင်း သူတို့ခံစားပြီး သံသရာစက်ဝန်းပေါ်မှာ လည်ပတ်နေ ကြပါတယ်….အဲဒီသံသရာ စက်ဝန်းပေါ်မှာ အဆင့်မြင့်မြင့်နေကြရတာရှိသလို အဆင့်နိမ့်နိမ့်နေကြ တာတွေလဲ ရှိကြပါသည်။ မြင်နိုင်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် ဘေးဝဲယာကို တစ်ချက် ငဲ့ကြည့်စေချင်ပါသည်။ တချို့က အဆင့်မြင့်မြင့်ပစ္စည်းတွေကို သုံးစွဲနိုင်ပြီး အဲဒီ အဆင့်မြင့်မြင့် ပစ္စည်းတွေကိုပဲ လဲလှယ်အသုံးပြုနေတာကို တွေ့ရပါသည်။ တချို့ကျတော့လဲ အဆင့်နိမ့်နိမ့် ပစ္စည်းလေးကို သုံးစွဲနိုင်ဖို့ လှုပ်ရှားရုန်းကန်နေရတာကို မြင့်တွေ့နိုင်ပါသည်။ 
        တွေးတောကြံဆ ရေးသားလို့မကုန်နိုင်တဲ့ ဘဝ ကို တပည့်တော်အနေနဲ့ တွေးမိသမျှ သိသမျှ မြင်သမျှ ဖြတ်ကျော်ခဲ့သမျှ ရေးရမယ်ဆိုရင် ဘဝဆိုတာ သူဖြတ်သန်းကျော်လွန်ခဲ့တဲ့နေရာ အဆင့်တခုဆီမှာ သူ့ရဲ့ အမှတ်ရစရာ တခုမဟုက်တခုကို ချန်ထားခဲ့မြဲ သယ်ဆောင်လာ တက်မြဲ ဖြစ်ပါသည်။ နွေရာသီကလဲ တည်ကြည်မှု့နဲ့ ခပ်ပြပြ လောင်ကျွမ်းစေသည်။ မိုးရာသီကလဲ စိုစိုရွှဲရွှဲနဲ့ လွမ်းမောစရာကောင်းသည်။ ဆောင်ရာသီကလဲ နှလုံးသားကို အေးဆေးမှု တွေနဲ့အတူ ဆိတ်ငြိမ်တဲ့ နှစ်သိမ့်မှုတွေကို ပေးသည်။ ဒီလိုနဲ့ ပြောင်းလဲသွားတဲ့ မြင်းကွင်းတွေကို လက်ခံ ကြိုဆိုရပါသည်။ ထိုအခါမှာ ကုန်ဆုံးသွားသော အချိန် ရာသီ ကာလနဲ့အတူ ဖြတ်သန်း ကုန်ဆုံးသွားသောအရာများမှာ ကျန်ခဲ့သော အမှတ်တရများနှင့် နောက်ထပ်ဖြစ်ပေါ်လာသော အမှတ်တရများက ဘဝမှာ ပြီးပြည့်စုံစေတယ်ဆိုတာ မြင်တွေ့ရပါသည်။ 
     ဘဝဆိုတာ အခြားတယောက်ယောက်ကို ဘယ်လိုမှ ရှင်းပြလို့မရနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘဝရဲ့ရှင်သန်မှု့က နက်နဲလို့ပါပဲ၊ စကားတွေ စီကာပတ်ကုံး ရှင်းပြမပေးနိုင်တဲ့အရာ ဖြစ်ပြီး ကိုယ်တိုင်လဲ လျှောက်လှမ်းပြီးထိတွေ့မှ သိရှိမဲ့ အရာကိုလဲ ဘဝလို့ ဆိုချင်ပါသည်။ မိခင်ရဲ့ ပဋိသန္ဓေဝမ်းမှ ဆင်းသက်ပြီး လူရယ်လို့ ဖြစ်လာပြီး ဆိုရင်တော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘဝတွေကို ကျော်ဖြတ်ရတော့မှာပေါ့…၊ ဘဝဆိုတဲ့နေရာမှာ မိဘတွေက သားသမီးတွေကို ပြောကျရာဝယ် သားလေးက ဖေဖေမေမေတို့ရဲ့ဘဝပဲ သမီးလေးက ဖေဖေမေမေတို့ရဲ့ဘဝပဲတဲ့၊ တချို့သောသူတွေကလဲ ဆိုကျသေးသည် မင်းဟာငါ့ဘဝပါပဲတဲ့၊ ဒီနေရာမှာတော့ တကယ်တမ်းလျှောက်လှမ်း ရမယ့်ဘဝတွေကိုတော့ “လူ့ဘောင်ဘဝနဲ့သာသနာ့ဘောင်ဘဝ”နှစ်ခုကို တွေးမိပါသည်။ သားရေး သမီးရေး စားဝတ်နေရေး အထွေထွေသော အရေးတွေနဲ့ လှုပ်ရှားလုပ်ကိုင်နေခြင်းကို လူ့ဘောင်ဘဝလို့ ဆိုချင်ပါသည်။ 
           အဲဒိ လူ့ဘောင်ဘဝမှာလဲ ချောင်ချောင်လည်လည် လုပ်ကိုင်စားသောက်ရတဲ့ သူတွေရှိသလို တနေ့လုပ်မှ တနေ့စားရသည့် ဘဝမျိုးတွေလဲ ရှိပါသည်။ လူ့ဘောင်ဘဝ လှုပ်ရှားရုန်းကန်း ရသည်ကခတ်ခဲသည့်အထဲ ယခုတလော အဆိုးမြင်မယ်ဆို မြင်စရာတွေချည်းပဲ ဖြစ်သည်။ စိတ်ပျက် စိုးထိတ်စရာတွေက များလှသည်။ စိတ်ပျက် ဝမ်းနည်းနေသူများလဲ ရှိမည်။ သို့မဟုတ် ဒီလိုဖြစ်နေခြင်းသည်ပင် လောက မဟုက်ပါလောဟု ဆင်ခြင်နေသူများလဲ ရှိမည်။ ဒါတွေကို ဖြစ်ပြီးပျတ်တဲ့ သဘာဝတွေပဲဟု သံဝေဂ ယူနေသူများလဲ ရှိပေမည်။ (ကပ္ပကောလာဟကေရာ) ကမ္ဘာပျက်မည်ဆိုသည်က ဟိုးရှေး ပဝေသဏီထဲက ကြောက်ခဲ့သည့်ကိစ္စ ဖြစ်သည်။ ဘာပဲပြောပြော ဘေးဆိုးတွေတော့ ရှိနေဦးမည်။ အဲဒိ ဘေးဆိုးတွေကို ကြောက်လန့်သူများလဲ ရှိမည်။ ရဲရဲရင်ဆိုင်လျှက် ကပ်ဆိုးသင့်သူတွေကို ဝိုင်းဝန်းကူညီသူများလဲ ရှိနေမည်။ တကယ်တမ်းဘေးဆိုး ကပ်ဆိုးတွေကို စိုးရိမ်ကြောင့်ကြသူ လူတော်တော်များများဖြစ်ပေါ် နေသည်ကို ကြားရသည်။
       ထိုအပြင် ယခုအခါ မုန်းတိုင်းဒဏ် ငလျင်ဒဏ် သဘာဝဘေးဒဏ် အန္တရာယ်တို့သည် ဟိုနေရာဖြစ်လိုက်, ဒီနေရာဖြစ်လိုက်နှင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး လူပေါင်းများစွာ သေကြ ပျတ်စီးနေကြသည်ကိုလဲ ကြားရ သိရ ဖတ်ရှု့ရပါသည်။ အမျိုးမျိုးအဖုံဖုံ ကမ်းကုန်အောင် ကမ္ဘာဖျက် လက်နတ်တွေကို တီထွင်ပြီး တဦးနှင့်တဦး, တနိုင်ငံနှင့်တနိုင်ငံ, လူမျိုးတစုနှင့်လူမျိုးတစု, ဘာသာတခုနှင့် ဘာသာတခု ရန်လို ခြိမ်းခြောက်နေကြသော လူကြမ်းသူကြမ်း များကြောင့်လဲ ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့အဖို့ ရတက်မအေးဖွယ် နေ့ရက်များလဲ ဖြစ်ရပြန်သည်။ တကယ်တမ်း ဗုဒ္ဓစာပေများနှင့်နှိုင်းယှဉ်ကြည့်လျှင် လူတွေရဲ့ လောဘ, ဒေါသ, မောဟ, တွေကြောင့်ပင်ဖြစ်သည်။ 
၁။ ဒုဗ္ဘိက္ခန္တရကပ် = လူတွေရဲ့ ဒေါသတရားကြီးမား လွှမ်းမိုးသောအခါ ငတ်မွတ်ခေါင်းပါးဘေး ကပ်ဆိုက်ရောက်ပြီး ပျက်စီးကြရသည်။ 
၂။ သတ္ထန္တရကပ် = လူတွေရဲ့ ဒေါသတရားကြီးမား လွှမ်းမိုးလာသောအခါ တဦးနှင့်တဦး, တနိုင်ငံနှင့်တနိုင်ငံ , လူမျိုးတစုနှင့်လူမျိုးတစု , ဘာသာတခုနှင့်ဘာသာတခု ရန်လိုခြိမ်းခြောက်ကာ လတ်နက်ဘေး ဆိုက်ရောက်ကာ ပျက်စီးကြရပြန်သည်။ 
 ၃။ ရောဂန္တရကပ် = လူတွေရဲ့ မောဟတရားကြီးမား လွှမ်းမိုးသောအခါ ကမ္ဘာတလွှားတွင် ထူးထူးဆန်းဆန်း တစ်နေ့တစ်မျိုး မရိုးရအောင် ရောဂါဘေးဆိုးများ ဆိုက်ရောက်ကြရသည်။ ဒီလိုဘေးဆိုး ကပ်ဆိုးတွေကြားမှာ လောကဓံကို အံတုလို့ နိမ့်ချည်းတခါ သာချည်းတလှည့်နဲ့ အကောင်းအဆိုးတွေကို ရင်ဆိုင်ဖြေရှင်းပြီး မိမိကောင်းစားရေး အတွက် လောကကို အသုံးမချဘဲ လောက ကောင်းစားရေးအတွက် မိမိကို အသုံးချပြီး လူ့ဘောင်ဘဝမှာ ရှင်သန်နေထိုင်သွားမယ်ဆိုရင် ရခဲလှတဲ့ လူ့ဘဝမှာ အရာရာဟာ တန်ဘိုးရှိသွားလိမ့်မယ်လို့ တပည့်တော်တွေးမြင်မိပါသည်။ 
      လူ့ဘောင်ဘဝမှာ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် အဲဒိ လူ့ဘောင်ဘဝထက် တန်းဘိုးရှိတာ မြင့်မြတ်တာကတော့ သာသနာ့ဘောင် ဘဝလို့ တပည့်တော် တွေးမိပါသည်။ ရခဲလှတဲ့ လူ့ဘဝကိုရ မြင့်မြတ်တဲ့ ယောင်္ကျားဘဝကို ပိုင်ဆိုင်ပြီး တန်ဘိုးမဖြတ်နိုင်တဲ့ သာသနာ့ဘောင်ဘဝမှာ အသက်ရှင် သီတင်းသုံး သာသနာပြုခွင့် မှီခိုခွင့်တွေရရှိနေကြတဲ့ ဘုရားတပည့်တော်တို့ဟာ ဘဘုရားရဲ့ သာသာနာမှာ “ကျရာတာဝန် ၊ မကျေပွန်က ၊ အမွန်သူမြတ် ၊ ကဲ့ရဲ့အပ်၏ ’’ ဆိုသည့်အတိုင်း သာသနာ့ဘောင်ဘဝမှာ ကျရာ ကျရာတာဝန် ပေးရာ ပေးရာတာဝန် တွေ ကို ကျေပွန်စွာထမ်းဆောင်ဖို့ကား အင်မတန်လိုအပ်ပါသည်။ 
       နိုင်ငံကိုချစ်တဲ့ နိုင်ငံချစ် ပုဂ္ဂိုလ်တွေကလဲ ဒါငါတို့ပြည် ဒါငါတို့မြေ ဘယ်သူလာလာ ကျုးကျော်မခံဘူးဆိုပြီး လက်သီးလက်မောင်တန်းပြီး ကျရာတာဝန် မထမ်းဆောင်ဘဲ အပြောနဲ့သာ ပြီးဆုံးသွားမယ်ဆိုရင် စစ်မှန်တဲ့ နိုင်ငံချစ်ပုဂ္ဂိုလ် မဖြစ်နိုင်သလို သာသနာချစ်တဲ့ သာသနာ့ အာဇာနည်တွေကလဲ ဒါငါတို့သာသနာ ဘဘုရား ထားရစ်ခဲ့တဲ့သာသနာ ဘယ်ဘာသာ ဘယ်လူမျိုး ဘယ်အဖွဲ့စည်းမှ အဖျက်ဆီး မခံနိုင်ဘူးဆိုပြီး ကျောင်းထဲမှာ သင်္ကန်းခေါင်းမြီးခြုံပြီး ကြွေးကြော်နေလို့ သာသနာချစ် အာဇာနည်တွေ မဖြစ်လာနိုင်ဘူးဆိုတာကို တပည့်တော်တွေးမိပါသည်။ 
      သာသနာ့ဘောင်ဘဝ သာသနာ့ဝန်ထမ်းဆိုတာ သာသနာက ပေးတဲ့ တာဝန်တွေကို ထမ်းဆောင် နေခြင်းကိုသာ သာသနာ့ဝန်ထမ်းလို့ ဆိုချင်ပါသည်။ သာသနာက ပြန်လည်ပြီးတော့ ထမ်းရွတ်ထားတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရင်တော့ သာသနာ့ဝန်ထမ်း မဖြစ်နိုင်ဘူးလို့ ဆရာတော်ကြီး တစ်ပါး၏ သြဝါဒစကားကို ခံယူ မှတ်သားဖူးပါသည်။ တပည့်တော်ကိုယ်တိုင်လဲ အမေကမွေး သာသနာကကျွေးဆိုတဲ့ သာသနာ့ဝန်ထမ်း ဖြစ်နေပါသည်။ တပည့်တော်တို့ကို အမေကလဲ မွေးခဲ့ပြီးပြီ၊ သာသနာကလဲ နိုင်ငံအလယ်မှာ ကမ္ဘာအလယ်မှာ သာသနာပြုခွင့်တွေရအောင် ကျွေးခဲ့လို့ ဘဝကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းခွင့်တွေ ရနေပါပြီ။
         “ ထီးထမ်း-လမ်းလျှောက် ” ဟူသော ဝေါဟာရသည် နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့ပါသည်။ ထို ဝေါဟာရကြီးကို ဖယ်ထုတ်ရန်မှာ ယနေ့ သာသနာ့ဝန်ထမ်းများ၏ တာဝန်ဖြစ်သည်။ “ ဒီခရီး ဒီထီးနှင့် တော်သည်-ဒီအရပ် ဒီဖိနပ်နှင့်တော်သည် ” ဆိုသကဲ့သို့ ခေတ်နှင့် အံဝင်အောင် အချိန်နှင့်အခြေနေကို စနစ်တကျ သုံးစွဲရန်လိုအပ်သည်ကိုလဲ တပည့်တော် တွေးမိပါသည်။ ဖြစ်လိုရာဖြစ် ဆိုတဲ့ ဘဝဖြင့် ရေစုန်မျောထားပါလျှင် သာသနာ့ဘောင်ဘဝမှာ တာဝန်မဲ့သူတွေသာဖြစ်နေပါလိမ့်မည်။ အားလုံးက ဦးထိပ်ထားတဲ့နေရာ မြင့်မြတ်တဲ့ သာသနာ့ဘောင် ဘဝမှာ ရောက်ရှိနေတဲ့ ဘုရားတပည့်တော်တို့ဟာ လွတ်လပ်တဲ့ ဘဝ ကို အားမာန် အပြည့်နဲ့သာ ချီတက်စေချင်ပါသည်။ 
                    “အားမာန်” 
    အားမာန်လို့ပြောလိုက်ရင် တပည့်တော်၏ ဥပဇ္ဈာယ်ဆရာပေးခဲ့သော သြဝါဒ စကားလေးကို ပြန်လည်သတိရမိပါသည်။ စကားလေးက နည်းသော်လည်း တန်ဖိုးမဖြတ်နိုင်သည့် ဗဟုသုတအဆီအနှစ်များနှင့် ပြည့်စုံပြီး စဉ်းစားရင် စဉ်းစားသလို အင်မတန် မှတ်သားဖွယ်ကောင်းသည်။ မှတ်သားဖွယ် ကောင်းလွန်းသောကြောင့် တပည့်တော်တသက် မမေ့နိုင်ခဲ့ခြင်းဖြစ်သည်။ သြဝါဒစကားလေးက “ အားရှိတိုင်း-မာန်မတက်နှင့် ” တဲ့၊ အားဆိုတဲ့နေရာမှာ ငွေအား လူအား ဂုဏ်အား ရာထူးအား လုပ်ပိုင်ခွင့်အားတွေ ရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ မာနတွေထားကြတယ် မာန်တွေ တက်ကြသည်ဟု သြဝါဒ ခြွေဖူးပါသည်။ 
       ဆရာတော်၏ သြဝါဒသည် တပည့်တော်တို့၏ ပတ်ဝန်းကျင်မှာ ကြားရ သိရ မြင်ရသည်နှင့် တကယ်ပင် မှန်နေပါတော့သည်။ ငွေအားရှိတဲ့ ပုဂ္ဂိုလ်တွေကလဲ ငွေအားမရှိသူ လူအများကို ငွေမာန်တက်ပြီးတော့ နှိပ်စက်ချင်ကြသည်။ အနိုင်ယူချင်ကြသည်။ ဒီလိုပဲ ရာထူးရှိတဲ့ပုဂ္ဂိုလ်တွေ လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကလဲ ရာထူးမဲ့သူတွေနှင့် လုပ်ပိုင်ခွင့်မရှိတဲ့သူများအပေါ် ရာထူးဆိုတဲ့ မာနနှင့် လုပ်ပိုင်ခွင့် မာန်တွေ တက်ပြီးတော့ နှိပ်စက်ကြသည်။ အနိုင်ယူကြသည်။ 
           တကယ်တော့ တပည့်တော်တို့ဟာ လွတ်လပ်တဲ့ ဘဝကို ပိုင်ဆိုင်နေပါပြီ။ တောင်ပန်ရှိလျှက်နဲ့ ပျံသန်းခွင့် မရတဲ့ ငှတ်တကောင်က ဘယ်လောက်ပဲ ခမ်းနားတဲ့ လှောင်အိမ်ထဲမှာနေနေ လွတ်လပ်စွာ ပျံသန်းခွင့်ရတဲ့ ငှတ်တကောင်လောက် သူ့ဘဝက မပြည့်စုံပါဘူး။ ပျံသန်းခြင်းက အင်အားတွေကို တိုးပွားစေတယ် အတွေးခေါ်တွေကို အားကောင်းစေတယ် ။ အများ နားလည်သောစကားဖြင့် ပြောရလျှင် သာသနာပြုရန်အတွက် အားမွေးရန် ရောက်လာခြင်း ဖြစ်ပါသည်။ တနည်းပြောရလျှင် သာသနာအတွက် ဓါးသွေးနေကြခြင်း ဖြစ်ပါသည်။ ဒါကြောင့် သာသနာ့ဘောင်ဘဝကို လွတ်လပ်တဲ့ အားမာန်အပြည့်နဲ့ လျှောက်လှမ်းကြ ပါစို့..ဟု တိုက်တွန်းလျှောက်ထားရင်း တပည့်တော်၏ ဘ၀အားမာန်ဟူသော စာတမ်းကို နိဂုံးချုပ်အပ်ပါသည်။
 “ဘဝ-အားမာန်” 
ဘဝလှိုင်းဒဏ်၊ ပန်းရိုင်းဆန်ဆန် 
နိမ့်ပြန်မြင့်ပြန်၊ အကြိမ်ကြိမ်ဖန်
 ဖြစ်လည်းစံ၊ ပျတ်လည်းခံပေါ့... 
ခက်ထန်ကြမ်းတမ်း၊ ဘဝလမ်းကို
 ဖြတ်သန်းကျော်တက်၊ ရှေ့သို့ဆက်စဉ်
 ဘာကိုမှမှု့၊ ဖြစ်ပျက်အစု သံသရာ 
မဗေဒါဟန် ၊ အစုန်ဆန်ခံပေါ့……..
 ကြုံလာမယ့် လောကဓံ-
ရဲရဲတင့်လို့ ဝင့်ချီလိုက်မယ် 
ငါတို့ရဲ့ ဘဝအားမာန်…..။ 
အရှင်ရေ၀တ(၀ါးခမ်မ) 
M.A (Previous) 
ဆန်စကရက်တက္ကသိုလ်
 ဗာရာဏသီမြို့။
 ကျမ်းကိုး စာရင်း -
 (၁) ပါရာဇိကဏ်- အဋ္ဌကထာ- ဝေရဉ္ဖာကဏ္ဍ
ယှဉ်နိုင်းမမှီတဲ့ အမေမေတ္တာ
$
0
0
        ပေးဆပ်သူတို့ နှလုံးသားမှာ ၀မ်းသာမှုနဲ့ ကျေနပ်ခဲ့သူဖြစ်၏၊ အရာအာလုံးထက် နိုင်ယှဉ်ရာဝယ် ယှဉ်နိုင်မမှီတဲ့ ဘ၀ဖန်ဆင်းရှင်ဟာ မိဘနှစ်ပါးသာဖြစ်သည်ဟု ဆိုခဲ့လျင် မလွဲဧကန် အမှန်ဖြစ်နိုင်ပါသည်။ အနန္တငါးပါး တစ်ဂိုဏ်းတည်း ပါဝင်ခဲ့သော မိဘနှစ်ပါး၏ ဂုဏ်ပုဒ်ဝိသေသမှာ ပုထုဇဉ် လူသားတိုင်း အမျိုးမျိုးရေးသား သီကုံးထားသော်လည်း ရေးမကုန်နိုင်ခဲ့၊ ထိုမျှ ရေးမကုန်သောကျေးဇူးရှင် မိဘတို့၏ မေတ္တာတရားကို စာမှုဖွဲ့ဆို ဦးခိုက်ပူဇော်ချင်မိပါသည်။ ဖတ်မိတဲ့ဇာတ်တော်များကြောင့် စာရေးသူ၏ ခံစားချက်ကို ပဲ့တင်သံ ရိုက်ခတ်ခဲ့ပါသည်။  
      အတိတ်ကာလတစ်ခု ဗာရာဏသီပြည်မှာ အလောင်းတော်ရွှေဟင်္သာဖြစ်စဉ်တုံးက လူဘ၀မှာ ကျန်ခဲ့တဲ့ သမီး(၃)ယောက် ဇနီးတွေဟာ ဖခင်မရှိတော့နောက်စားရေသောက်ရေး အဆင်မပြေတာကို ဘ၀ခြားသွားတဲ့ ရွှေဟင်္သာမင်းက မိသားစုရဲ့ အခက်ခဲကို ကူညီမယ်လို့ စိတ်ဆုံးဖြတ် လိုက်လေသည်။ သမီးအပေါ်ထားတဲ့ သံယောဇဉ်နဲ့ မေတ္တာဖွဲ့နှောင်ထားတဲ့ စိတ်စွမ်းရည်ကြောင့် ထင်ပါ၏။ သမီး(၃) ယောက်နဲ့ ဇနီးဟောင်းကို မကြာခင် သင်တို့ အိမ်ခေါင်မိုးပေါ်ပျံဝဲပြီး ရွှေတောင်ပံတစ်ခု ချပေးမယ်လို့ အိမ်မက်ပေးလိုက်လေသည်။ ရွှေဟင်္သာမင်းသည် မိဘမေတ္တာဖြင့် သားသမီးတို့အပေါ် တွယ်တာလှသော်လည်း ဘ၀ခြားသောကြောင့် လွမ်းရလေတော့သည်။ သမီး(၃) ယောက်နဲ့ ဇနီးဟောင်းတို့မှာ အံ့သြ၀မ်းသာစွာ ဖခင်ရဲ့ ချစ်မေတ္တာကို မှန်းမျှော်လို့ ၀မ်းသာမျက်ရည်တွေ ဝေခဲ့ရပါ၏။ မျိုးမတူ ဇာတ်ခြားသွားလေသူကြီးရဲ့ အပြန်လမ်းမှ ပျံသန်းအလာကို ကြည့်ပြီးတော့ ရွှေရင်ဆိုပြီး ငိုကြရသည်။ 
     ထို့ကြောင့် သမီးသုံးယောက်နှင့် ဇနီးဟောင်းတို့မှာ ဖခင်ရွှေဟင်္သာ မင်းရဲ့ ရွှေတောင်ပံကို ရောင်ချထုခွဲပြီး အဆင်ပြေစွာ နေထိုင်ကြသည်။ ထိုသို့နေ့စဉ် ရွှေတောင်ပံတစ်ခုတစ်ခုကို နေ့စဉ်ရောင်းချရာက ပျော်ရွှင်သော နေ့ရက်တွေဟာ ကုန်ဆုံးဖို့အချိန် ရောက်လာတော့ ရက်စက်တဲ့အတွေးကို စီစဉ်လေတော့သည်။ ဖခင်ရွှေဟင်္သာမင်းဟာ တစ်နေ့သောအချိန်မှာ သူတို့ရဲ့ အတွေးမှား ရက်စက်တဲ့အတွေးကို မသိဘဲ ထိုနေ့မှာ ဖခင်ရွှေဟသာင်္မင်း၏ ပျံသန်းလာခြင်းသည် အလွန်ပင် လှလွန်းခဲ့သည်၊ အိမ်ခေါင်မိုး၌ ပျံဝဲနေချိန် သမီးသုံးယောက်နဲ့ ဇနီးသည်တို့မှာ ဖခင်ရွှေဟင်္သာမင်းကို အော်ခေါ်လေသည်။ သမီးတို့ ခေါ်သံကြားလို့ ရွှေဟင်္သာမင်းသည် ငါ့သမီးနှင့် ဇနီးဟောင်းတို့ဟာ ငါ့၏ကျေးဇူးကိုသိလို့ ငါ့၏မေတ္တာ နဲ့ နွေးထွေးနေချင်သည် ထင်ပါရဲ့ ဖခင်မေတ္တာစိတ်အတွေးနဲ့ သမီးသုံးယောက်နဲ့ ဇနီးတို့ခေါ်ရာအိမ် အတွင်းသို့ ပျံရောက်လေသည်နှင့် အတွေးမှား အကြံမှား ရွှေတောင်ပန်ရှင်ဖခင်ရဲ့ မေတ္တာကိုလောဘ စိတ်တွေကြောင့် ရက်စက်စွာ ဖမ်းချူပ်ပြီး ရွှေတောင်ပံကို တစ်ပင်ချင်းစီ နုပ်ကြလေတော့သည်။ ရွှေတောင်ပံရှင် ဖခင်မှာတော့ ငါ့သမီးတို့ လုပ်ရက်ပါပေတယ်ဆိုသည့် အတွေးဖြင့် အံ့သြ၀မ်းနည်းစွာ ကြည့်နေလေတော့သည်။ ဆပ်ဆပ်ခါ နာကြင်မှုဝေဒနာကို ခံစားရသော်လည်း ရွှေတောင်ပံ ရှင်မှာတော့ သမီး သုံးယောက်အပေါ် ချစ်ခြင်းမေတ္တာသည် မပျက်ဆုံးနိုင်ဘဲ ချစ်စိတ်တွေနဲ့ ဖြေသိပ်ကာ နောက်ဆုံး ထွက်သက်ထိ အသက်ကို စတေးပြီး ပေးဆပ်ခြင်းဖြင့်သာ ချစ်ခဲ့ပါတကား။ 
     မိဘဆိုသော ကျေးဇူးတရားသည် အဖေ၊အမေ နှစ်ဦးလုံးသာ ညီမျှစွာ ကျေးဇူးရှိခဲ့ပါ၏။ ထို့ကြောင့် မိဘကျေးဇူး ဂုဏ်အထူးကို ဘယ်အရာနှင့်မျှ တုယှဉ်နိုင်းလဲ မမှီနိုင်ခဲ့ပေ။ မည်၍မည်မျှဟု ပမာဏပြု၍ မရနိုင်ပေ။ ထိုသို့ ကျေးဇူးကြီးလှစွာသော ဂုဏ်အထူးကို ရှေးဆရာအဆက်ဆက်က မာတာပိတုဂုဏော အနန္တော( မိဘတို့၏ ဂုဏ်ကျေးဇူးသည် အဆုံးပိုင်းခြားမရှိ များပြားလှပါပေ၏)ဟု ဆိုခဲ့ရေးခဲ့ပါသည်။ မိဘတို့ဟာ သားသမီးရဲ့ ဘ၀ဖန်းရှင်ပါ မိဘသည် သားသမီးတို့၏ အနာဂါတ်အိမ်မက်စိတ်ကူးတွေကို ပုံဖော်ပေးသူပါ ယှဉ်နိုင်းမရတဲ့ ကျေးဇူးဂုဏ်အထူးကို မြတ်ဗုဒ္ဓကိုယ်တိုင်ပင် မယ်တော် ဖြစ် ခဲ့ဖူးသောသန္တုသိတ နတ်သားကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးပြီး ကျေ ပွန်အောင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့ကျေးဇူးများလှသော ဂုဏ်အထူးကို ပမာနိုင်းယှဉ်ကာ ပြရင်ဖြင့် စာရေးသူ၏ မိဘအပေါ် တာဝန်မကျေလို့ ဝေကျတဲ့ မျက်ရေစက်ဟာ မိဘရဲ့နဖူးပေါ်က ချွေးစက်လောက်မှ တန်ဖိုးမရှိပါတကား။ 
   အတိက်ကာလအချိန်သည် မည်မျှလောက်ပင် ပြီးဆုံးသော်လဲ တိုက်ဆိုင်တဲ့ အကြောင်းအရာ များနဲ့ မြင်တွေ့ခဲ့မိလျင် သတိရတမ်းတမှုက ပုံရိပ်ထင်ဟပ်မိပါတော့၏။ ခက်ထန် ကြမ်းတမ်းလှတဲ့ လောကဓံကို အံတုရင်ဆိုင် သားသမီးအတွက် အမေရဲ့ဘ၀ အမေရဲ့အလှ အမေရဲ့ချွေးစတွေနဲ့ ပေးဆပ်ခဲ့သူပါ၊ အမေဟာ စာမတတ်ပေမဲ့ သားသမီးများရဲ့ဘ၀အလှ ဖန်ဆင်းရှင်အဖြစ် ဘ၀ကို ကျော်ဖြတ်ခဲ့သည်။ စာမတတ်သော်လဲ ဥာဏ်မလိုက်တာကြောင့် တောမှာနေပြီး သားသမီးများကို နွေထွေး ကြင်နာမှုနှင့် အရာအားလုံးကို ရင်ဆိုင်နိုင်ခဲ့ပါသည်။ မဟာသမုဒ္ဒရာ မြစ်ပယ်လယ်သည် အမေမေတ္တာနှင့် ယှဉ်နိုင်းပါက အမေဟာ သားသမီးတို့အပေါ် ထားရှိလို့ ကြွှေကျမြေခတဲ့ ချွေးစက်မျှသာရှိပါ၏။ နှစ်သိန်း လေးသောင်းအထုရှိသော မဟာပထ၀ီမြေထုပမာသည် အမေ့မေတ္တာနှင့် ယှဉ်နိုင်းပါလျင် ထိုမြေထုသည် ၀ါရွက်မျှသာရှိပါ၏။ အမိကိုလက်ယာ အဖကို လက်ဝဲ အမြဲပုခုံးထက်တင်ထားပြီး ကျင်ကြီးကျင်ငယ် စွန့်စေကာ ကျွေးမွေးစောက်ရှောက်အုံးတော့ မွေးကျေးဇူးသည် မကျေနိုင်ပါ။ ထို့အတူ ကျွှန်တော် အမေသည် ထိုသို့ကျေးဇူးဂုဏ်နှင့် ပြည့်စုံသူတစ်ဦး ပါဝင်ခဲ့ပါသည်။ 
        မင်္ဂလသုတ်အဖွင့်၌ မြတ်စွာဘုရား ဟောခဲ့သည်မှာ မိဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတစ်ယောက်ရှိသည်။ သူသည် အမိအဖတို့ကိုလွန်စွာ ချစ်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာလုပ်ကျွေး၏။ ပြုစု စောင့်ရှောက်၏။ ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသက-ဟူ၍ အမည်တွင်လေ သည်။ တစ်နေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာ ထားနိုင်ရန် အခကြေးငွေရလို၍ သင်္ဘောဖြင့် စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)သို့ ဆိုက်ကပ် သည်။ ထိုအချိန်မှာ သီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခရောက် နေကြသည်။ လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။ သီဟိုဠ်(သီရိလင်္ကာ)မင်းလည်း သဲမိုးရွာသော ကပ်မှလွတ်မြောက်ရန် မည်သို့ပြုရမည်ကို သမားဖြူ၊ သမားညိုတို့ကိုခေါ်၍ မေးမြန်းသည်။ သမားဖြူ သမားညိုတို့က -အရှင်မင်းကြီး ဤသဲမိုးရွာသောကပ်သည် အလွန်ထူးခြားသော သစ္စာကို ပြုလျှင် ပျောက်ပါလိမ့်မည်- ဟူ၍လျှောက်တင်ကြသည်။ အဘယ်သစ္စာကို အဘယ်သူအားပြုစေရမည်နည်း-ဟူ၍မင်းက မေးမြန်း၏၊ အရှင်မင်းကြီး၊ အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ လုပ်ကျွေးသော သူကို သစ္စာပြုစေရပါမည်-ဟူ၍ သမားဖြူ၊သမားညိုတို့ကို လျောက်၏။ မင်းကလည်း အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူကို များစွာ ဆုလာဘ်ပေးမည်။ မောင်းခတ်၍ ရှာလေဟူ၍ အမိန့်တော်ရှိ၏။ မှူးမတ်တို့လည်း မောင်းကြေးနင်းခတ်၍ ရှာကြသည်။ တစ်ပြည်လုံးတွင် တစ်ယောက်မျှမရှိ။ အခက်တွေ့နေကြသည်။ 
     ထိုအခါ မာတုပေါသက ပိတုပေါသက လုလင်သည် သင်္ဘောထက်ကနေ၍ အို-အချင်းတို့၊ ငါသည် အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာလုပ်ကျွေးသူတည်း-ဟု လှမ်းအော်ပြောသည်။ မှူးမတ်တို့လည်း မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါမင်းကြီးက- ထိုသူကိုခေါ်၍ သစ္စာဆိုစေလော့-ဟူ၍ မိန့်တော်မူလိုက်သည်။ မှူးမတ်တို့သည် လုလင်ထံသွား၍ သူတို့၏ ဒုက္ခကိုပြောပြကြသည်။ ထိုဒုက္ခမှ လွတ်မြောက် အောင် သစ္စာဆိုပါရန်လည်း ပန်ကြားကြသည်။ ထိုအခါ မာတုပေါသကပိတုပေါသက လုလင်လည်း သင်္ဘောဦးသို့ တက်ပြီးလျှင်- ငါသည်လူလားမြောက်ကာ သိမြင်လိမ္မာသည်မှစ၍ အမိအဖနှစ်ပါးတို့၏ ကျေးဇူးကို အောက်မေ့ဆင်ခြင်ခဲ့သည်။ ကြည်ညိုမြတ်နိုးမဆုံး ရှိခဲ့သည်။ ထို့ကြောင့် အမိအဖနှစ်ပါးတို့ကို မငတ်မမွတ်၊ မနွမ်းနယ်စေရန် အိမ်ဦးနတ်ကဲ့သို့၎င်း၊ သိကြားမင်း၊ ဗြဟ္မာမင်း ကဲ့သို့၎င်း၊ အမှတ်ထား၍ ရိုသေစွာ လုပ်ကျွေးမွေးမြူသူမှန်ပါသည်။ ဤသစ္စာအတိုင်းမှန်ပါက ဤသဲမိုး သည် ချက်ချင်း ရပ်ပါစေသတည်း။ ဤသဲမိုး ရပ်သဖြင့် ပြည်သူပြည်သား၊ မင်း၊ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ သတ္တ၀ါအားလုံး ချမ်းသာကြပါစေသတည်း-ဟူ၍ သစ္စာပြုသည်။ ထိုသို့ သစ္စာပြုသော ခဏမှာပင် သဲမိုးသည် ရပ်လေ၏။ အားလုံး ချမ်းသာရာ ရကြလေသည်။ ထိုအခါ မင်းနှင့်တကွ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ ပြည်သူပြည်သားတို့သည် လုလင်အား များပြားလှစွာသော ပစ္စည်းဥစ္စာတို့ဖြင့် ပူဇော်ကြသည်။ လုလင်သည် ထိုပစ္စည်းတို့ကို သင်္ဘောငါးစင်းဖြင့် တင်၍ အိမ်သို့ ပြန်ခဲ့သည်။ ရောက်သော် အမိအဖတို့အား အကျိုးအကြောင်း ပြောပြကာ ရရှိသောပစ္စည်းများဖြင့် ပူဇော်လေသည်။ 
   သူတို့ ၃-ဦးသည် ဒါနကောင်းမှုစသည်များကို ပြု၍ ချမ်းမြေ့စွာ နေထိုင် သွားကြသည်။ သေလွန်ပြီးသောအခါ နတ်ပြည်သို့ လားကြလေသတည်း။ ထိုမျှသာ မကသေး မေတ္တာသုတ်အဖွင့်၌ ပမာနှိုင်းယှဉ်ပြရန် ဟောတော်မှုခဲ့၏ {မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ’မနုရက္ခေ} မွေးမိခင်သည် မိမိ၏ရင်သွေးဖြစ်သော တစ်ဦးတည်ဖြစ်သော သားကို မိမိအသက်နှင့်လဲ၍ပင် အစဉ်ကာကွယ်စောင့်ရှောက်ဘိသကဲ့သို့ မေတ္တာရှင်မိခင်ဟာ သား သမီးကိုချစ်သော ချစ်ခြင်းမေတ္တာသည် မခွဲခြားဘဲ ချစ်သောမေတ္တာ၊ သားငယ်လေး သမီးငယ်လေး အပေါ် မှက်ခြင်ယင် မသန်းရအောင် အထူးစောင့်ရှောင်ခဲ့ သားသမီးများ ဆင်းရဲဒုက္ခ ရောက်မှာကို မလိုလာတဲ့ ကရုဏာ။ အမေရဲ့ ဘ၀တွေ အလှတွေ ပေးပြီး ပညာသင်ပေးခဲ့တဲ့ သားသမီးများ ပညာတတ် ချမ်းသာနေတာကို အမြဲလိုလို မြင်ချင်ပါတဲ့ အမေရဲ့မုဒိတာ။ အချစ်ရေးကို ဦးစာပေး နှလုံးသားကို အလိုလိုက် အမေနှလုံးသားရင်ခွင် စုန်ကန်သွားတဲ့ သားဆိုးသမီးမိုက် တွေအပေါ် အမုန်းမရှိ အဆုံးထိ မချစ်မမုန်းအပြုံးပန်ဝေခဲ့တဲ့ မချစ်မမုန်းသော အမေရဲ့ဥပေက္ခာ။ မိုးကောင်းကင်မှ နတ်ဗြဟ္မာကို သားမမြင်ဖူးပေမဲ့ အခုသားမြင်လိုက်ပါ၏….မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ဆိုတဲ့ ဗြဟ္မ၀ိဟာရ တရားရှင် အမေ ပါလား။ ဘုရားရှင်ကိုယ်တိုင် အမေမေတ္တာဂုဏ်အထူးကို အမွှန်းတင်ကာ ဟောခဲ့၏။ ထိုသို့ကျေးဇူးကြီးလှ မေတ္တာရှင်အမေကို သားဘယ်လိုအရာမှ မယှဉ်နိုင်းရက်ပါအမေ..။ ထိုသို့ယှဉ်နိုင်းမမှီတဲ့ အမေ့မေတ္တာကို အမေ့သားမှတ်တမ်းတစ်ခု စာတမ်းအစုကိုတင်သွင် လိုက်ပါတကား။ ။ 
အရှင်ပုညာနန္ဒ 
M.A (previous)
 ဆန်စကရစ် တက္ကသိုလ်
 ဗာရာဏသီမြို့။ 
 ကျမ်းကိုး စာရင်း- 
(၁) မာတုပေါတကသုတ်
 (၂) မင်္ဂသုတ်အဖွင့်၊ ဦးသုခ။
 (၃) အလင်းပြကျမ်း၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်။
 (၄) မင်္ဂလာသာရ ဒီပနီကျမ်းမူဟောင်း ၊၁၉၂၀-ပြည့်နှစ်။
စာမူများ ဖိတ်ခေါ်ခြင်း
$
0
0
                       စာမူများ ရေးသားပေးပို့ကြပါရန် မေတ္တာရပ်ခံခြင်း
   အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့၏ တေရသမနှစ် နှစ်ပတ်လည် အထိမ်းအမှတ်စာစောင်ကို နှစ်စဉ်အတိုင်း ထုပ်ဝေကာ ဓမ္မဒါန ပြုသွားမည်ဖြစ်ပါသည်။ 
               သို့ဖြစ်ပါ၍ ကဗျာ၊ ဆောင်းပါး၊ အင်္ဂလိပ်ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေး စသည်တို့ကို (၃၁-၀၃-၂ ၀၁၃)  ရက် နောက်ဆုံးထား၍ ရေးသားပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရေးသား ကြရာတွင် လျှောက်လွှာ စာမျက်နှာ ဆိုက်ဖြင့် ၅-မျက်နှာထက် မပိုစေဘဲ ရေးသားပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ 
စာစောင်ဖြစ်မြောက်ရေးအယ်ဒီတာအဖွဲ့ 
ဗာရာဏသီမြို့၊ အိန္ဒိယ။ 
ဆက်သွယ် ပေးပို့ရန် လိပ်စာ-
 ဥူးနိပုဏာလင်္ကာရ-konipu@gmail.com ph; +919793332602
 ဥူးအာစိဏ္ဏ -maungarsein@gmail.com ph; +9108127948116 
 အရှင်စန္ဒကုမာရ (မဂဓ)-asc.kumaraminsa@gmail.com Ph.+919199714252 
ဒုတိယအကြိမ် ဒိုမိန်းလှုဒါန်းခြင်းနဲ့  ထပ်တိုးကောက်ခံရရှိသော အလှုငွေစာရင်း
$
0
0
အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်
ယခုပြုလုပ်တဲ့အလှုအတွက်   ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ
အလှုရှင်များအားလုံးကို   မောင်(စွယ်စုံကျမ်း) မှ   ကျေးဇူးအထူး  တင်ရှိရပါကြောင်း
ပြောကြားပါတယ် ။
                      စိတ်ကူးလိုက်တဲ့ အစီစဉ်လေး  ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ
အတိုင်းမသိ  ၀မ်းမြောက်ပီတိ  ဖြစ်ရပါတယ်။ ဒုတိယအကြိမ်မြောက် ၀က်ဆိုဒ်အလှု
ပြီးသွားလို့ လက်ထဲမှာ  ပိုနေတဲ့ ငွေတွေ   ကျန်ရှိနေပါသေးတယ် ။  အဲ့တာတွေကို
မြန်မာပြည်က  မိဘမဲ့ကလေး  စောင့်ရှောက်ရေး  ဂေဟာတစ်ခုခုကို  လှုကြမယ်လို့ 
စိတ်ကူးထားပါ ။  မလှုဖြစ်သေးတာက   အလှုလုပ်မယ့်နေရာကို   ရှာဖွေနေဆဲမလို့ 
အန်တီတင့် နဲ့ တိုင်ပင်ပီး  တကယ်လိုအပ်တဲ့   လှုတဲ့သူ ရှားပါးတဲ့  နေရာတစ်ခုခုကို
လိုက်ရှာနေပါတယ် တွေ့ ပီဆိုတာနဲ့ ပိုက်ဆံ  ထပ်စုပီး လှုမယ်လို့ စိတ်ကူးထားသလို
အကြံပေးလာတဲ့ သူငယ်ချင်းတွေ ရှိပါတယ် အဲ့ကြောင့် အဖွဲ့ လေး လုပ်ပီး သင့်သလို
စုပေါင်းလှုမလား ဒီတိုင်းပဲ ပိုငွေ 4သိန်းကျော်ကို  လှုလိုက်မလား စဉ်းစားနေကြဆဲပါ
အများကြီးလိုပါတယ်။ ပီးတော့  လစဉ်စုကြေးလေးတွေ လုပ်ပီး  များလာတဲ့အခါမှာမှ
တိုင်ပင်နေဆဲပါ ။ ကျနော်ကိုယ်တိုင်လည်း   စဉ်စားနေရဆဲပါ ။  ဘာလို့ လည်းဆိုရင်
မြန်မာပြည်ပြန်ဖို့ နဲ့  တခြားလုပ်စရာလေးတွေကြောင့် ရေရှည်မစည်းရုံးနိုင်မှာလည်း
စိတ်ပူမိတယ် ။အဖွဲတစ်ခုလုပ်ပီဆိုရင် အောင်မြင်အောင်ပဲ လုပ်ချင်တယ် အမာခံလူ
အတော်များများ ရှိနေပြီမို့ အဖွဲ့ လေးတစ်ခု လုပ်ဖြစ်မယ်လို့  ယုံကြည့်ပါတယ် လစဉ်
စုကြေးဆိုတာ အလှုရှိရှိ မရှိရှိ  တစ်ယောက် နှစ်ဆယ် သုံးဆယ် စုထည့်ထားမယ်ဆို
လူနှစ်ဆယ်ဆို  တစ်လ 2သိန်း  တစ်နှစ်ပြည့်မှ လှုမယ်ဆိုရင်  24 သိန်း  အလိုလိုစုပီး
ဖြစ်မှာပါ တစ်ဦးထဲလုပ်ရင်မသိသာပေမယ့်အဖွဲ့ လိုက်စုမယ်ဆိုရင်တော့ ငွေပမာဏ
လူများများရင် များသလို လှုနိုင်ပါလိမ့်မယ် အဲ့တော့ လုပ်ဖြစ်မယ့် အစီစဉ်ကိုသေချာ
အစီစဉ်တကျ ဖြစ်ဖို့ ကို KL (ကွာလာလမ်ပူ )မှာ တွေ့ ဆုံဆွေးနွေးပွဲ တစ်ကြိမ်လုပ်ပီး
ကောက်ခံပါ့မယ် သဘောတူတဲ့သူများရင် ဆွေးနွေးပွဲလုပ်မယ်ဘယ်လိုပဲဖြစ်ဖြစ်အခု
ဒုတိယအကြိမ် ဒိုမိန်းအလှုပြီးရင် မိဘမဲ့ကလေးဂေဟာအတွက် ပိုငွေတွေကို လှုမှာပါ
အခုနောက်ထပ်  ကောက်ခံရရှိတဲ့ အလှုရှင်စာရင်းကို ရေးပြပါ့မယ် ။  ငွေပမာဏ ကို
တတိယအကြိမ် အလှုနဲ့ အတူ  စာရင်းလုပ်ပီး  အလှုရှင်တစ်ဦးချင်းစီကို ပို့ ပေးပါ့မယ်
အခုဘာလို့ စာရင်းမရှုပ်တာလည်းဆိုရင် နော်ဝေကလွှဲငွေကို မလေးရှားငွေပြောင်းဖို့ 
စာရင်းသာ  ပေးထားပီး  ငွေမလွှဲသေးတာလည်း ရှိနေလို့ ပါ ။ ဘာလို့ လည်းဆိုတော့
လှုမဲ့နေရာအတိအကျ စုံစမ်းရှာဖွေနေဆဲမလို့  ကျနော့်ဘက်က စာရင်းအရင်ယူထား
ငွေကို လှုတဲ့အခါမှ လွှဲဖို့ ပြောထားပါတယ် အဲ့ခါမှ အတိအကျ ပိုငွေကို ရေးတင်မှာပါ
လှုငွေပမာဏ စာရင်ဇယားအတိအကျ ရေးဆွဲပြီး PDF စာအုပ်လေး လုပ်ပီးတင်ဖို့ ကို
တတိယအကြိမ် မိဘမဲ့ကလေးဂေဟာ အလှုမှာ စောင့်ဖတ်ပေးကြပါလို့ ..................။
အလှုပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို အောက်ကလင့်မှာ သေချာဖတ်ပေးပါရန်.......။
အလှုရည်ရွယ်ချက်ကိုတကယ်သိမှ လှုပါ  အဖွဲလုပ်ဖို့ အားပေးပါ သေချာဖတ်ပေးပါ
အလှုရည်ရွက်ချက် ဖတ်ရန် ==> http://www.zwmnna.com/about donation
ယခင်အလှုရှင်စာရင်းဖတ်ရန် ==>http://www.zwmnna.com/donator list
မလေးရှားမှ ဂျိုဟိုးမှ ထပ်တိုးအလှူရှင်စာရင်း 
၁။Frank(RM100)
၂။အောင်မင်းထွဋ်(RM50)      
 ၃။မျိုးအောင်(RM30)     
၎။ခင်ဇော်ဌေး (RM 30) 
၅။အောင်သူဝင်း(RM20)  
၆။သက်ပိုင်ဦး(RM 20)
၇။စောခူ(RM 20)   
၈။စောဘီး (RM 20)     
 ၉။ဘိုဌေး (RM 20) 
၁၀။စောလုပ်သားမောင်(RM 10)
၁၁။နေလင်းအောင်(RM 10) 
၁၂။ဇော်ထက်အောင်(RM 10)
၁၃။ကျော်မင်းသူ (RM 10)
၁၄။ကျော်ကျော်(RM10)
၁၅။ကိုထွန်း(RM10)     
၁၆။အငဲ(RM10)          
Total=RM 380
နော်ဝေမှထပ်တိုး လှုဒါန်းသူ
အဖြူရောင်အားမာန်မိသားစု = 250 (Norway, Krone)
ထိုင်းနိုင်ငံမှထပ်တိုးလှုဒါန်းသူ
ရွှေပါရမီပညာဒါန = 82000 ကျပ်
အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာများ
$
0
0
           ယနေ့ ၁၃၇၄-ခုနှစ် ၊ နတ်တော်လဆန်း (၂)ရက်နေ့ စာတမ်းဖတ်ပွဲ အခမ်းအနားသဘင် ဆင်ယင် ကျင်းပတဲ့နေရာမှာ တပည့်တော်အနေနဲ့ မိမိဥာဏ်မှီသလောက် မိမိလေ့လာတွေ့ရှိထား သလောက် အသိဥာဏ် အချို့တို့ကို အားလုံးသော သံဃာတော် အရှင်သူမြတ်တို့အား မျှဝေ လျှောက်ထားလိုပါသည် ဘုရား။ 
     ယင်းသို့ လျှောက်ကြားရာတွင် ငါတော်ငါတတ် ငါသာမြတ်ဟု စိတ်ဓာတ်မော်ကြွားခြင်းမျိုး တခုမှမရှိပါဟု ဦးစွာပဏာမပြောကြားရင်း ဂါရ၀ပြု နှုတ်ခွန်း ဆက်သအပ်ပါသည်အရှင်ဘုရား၊ တပည့်တော်အနေနဲ့ အရှင်သူမြတ်တို့အား ပြောချင်တဲ့စကား လျှောက်ထားချင်တဲ့စကား အသိပေး သတိပေးလိုတဲ့ စကားများကို အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာများ လို့အမည်ပေးထားပါတယ်၊
         ဘယ်လိုစကားပြောပြော ဘယ်လိုတရားဟောဟော ဘယ်လိုသြ၀ါဒပေးပေး ကိုယ်ပြောချင် တဲ့စကား ကိုယ်ဟောချင်တဲ့တရား ကိုယ်ပေးချင်တဲ့သြ၀ါဒတွေဟာ အတုယူလိုက်နာဘို့ အတွက်လား သတိပြုရှောင်ကြဉ်ဖို့ အတွက်လား အဲဒီနှစ်မျိုးထဲက ဘယ်အတွက်ကို ရည်ညွှန်းပြောမှာလဲဆိုတာကို အရှင်ဘုရားတို့ အနေနဲ့ ဒကာ ဒကာမတို့အား တရားစကား မပြောကြားခင် မိမိတပည့်တို့အား အဆုံးအမသြ၀ါဒမပေးခင် ကြိုတင်ပြင်ဆင်ထားရပါမယ်၊ အဲဒီနှစ်မျိုးထည်းက လွတ်သွားလို့တော့မဖြစ်ပါဘူး ၊ အရှင်မြတ်တို့ကိုလည်း တပည့်တော်က မည်သည့်အကြောင်းအရာကို တင်ပြသွားတယ်ဆိုတာ သုံးသပ်ပြီးတော့ ကိုယ့်ရဲ့ အယူအဆ သဘောတရားနဲ့ ကိုက်ညီရင်တော့ အတုယူလိုက်နာပြီး သတိပြုရှောင်ကြဉ်ဖို့ လျှောက်ထားအပ်ပါတယ် ၊ မိမိအယူအဆနဲ့ မကိုက်ညီခဲ့ရင် စိတ်တိုင်းမကျတဲ့ စကားလုံးများပါခဲ့ရင် ညီရင်းပမာ အရာရာကို သည်းခံခွင့်လွတ်ပေးတတ်တဲ့ စိတ်ထားပြီး မိမိနှစ်သက်မှုမရှိသော အကြောင်းအရာ အချို့ကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့ ရပါတယ်ဆိုတဲ့ အကြောင်းကိုလည်း သံဃာတော်အရှင်သူ မြတ်တို့အား ဂါရ၀တရားရှေ့ထားပြီး လျှောက်ထားအပ်ပါတယ် အရှင်ဘုရား ---- 
     တရားဟောတယ် အဆုံးမသြ၀ါဒပေးဆိုတာ ဘာလုပ်တာလဲ၊ မိမိဟောလိုက်တဲ့တရား မိမိပေးလိုက်တဲ့ အဆုံးအမတွေကိုလိုက်နာရင် ဘာလိုအကျိုးတွေခံစားရမလဲဆိုတာကို ဦးစွာပထမ ပြောလိုပါတယ် ။ တရားဟောတယ်ဆိုတာ ဘာလုပ်တာလဲဆိုရင် --- 
            သော ဓမ္မံ ဒေသေတိ ။ 
   ဘုရားရှင် ဝေနေယျသတ္တ၀ါတို့အား တရားတွေဟော အဆုံးအမသြ၀ါဒတွေ ပေးတော်မူတယ်၊ အဲဒါဘာလို့ တရားတွေဟော အဆုံးမသြ၀ါဒပေးရသလဲဆိုရင် -- 
     ဗြဟ္မစရိယံ ပကာသေတိ။ 
     မြင့်မြတ်တဲ့အကျင့်ကောင်းတွေကိုထင်ရှားအောင်ပြနေတာပါ၊    
   လွယ်လွယ်လေးနဲ့အများနားလည်အောင်ပြောရရင် ကောင်းတဲ့ဘက်ကို လမ်းညွှန်တာပါပဲ၊အနှစ်ချုပ် လိုက်ရင်တော့ ဘုရားရှင်တရားဟောတာ အဆုံးမသြ၀ါဒ ပေးနေတယ်ဆိုတာတွေဟာ ဝေနေယျ သတ္တ၀ါတို့အား ကောင်းတဲ့ဘက်ကို လမ်းညွန်နေတာပါ၊
    မိမိဟောလိုက်တဲ့တရား ပေးလိုက်တဲ့ အဆုံးအမ သြ၀ါဒ ကောင်းတဲ့လမ်းညွှန်ချက်တွေကို လိုက်နာတဲ့သူတွေ ဘယ်လိုအကျိုးတရားမျိုးတွေ ခံစားရမလဲဆိုရင်--- 
     ပီတိပါမောဇ္ဇဇနနံ ၊ သောကသလ္လ၀ိနောဒနံ။
    သဗ္ဗသမ္ပတ္တိပဋိလာဘံ ၊ စိတ္တီကတွာ သုဏာထ မေ။ 
    ဒီဒေသနာတော်ကို ထောက်ထားကြည့်မယ်ဆိုရင်- 
  (၁) နှစ်သက်ရွှင်လန်း ပီတိပန်းကို တင့်ဆန်းအောင်ဖြစ်စေ နိုင်တယ် ၊ လွယ်လွယ်ပြောရရင် နှစ်သက်ကျေနပ်မှုရတယ် ။
   (၂) စိုးရိမ်သောက ဗျာပါဒခပင်း ညှောင့်တသင်းကိုလဲပဲ သုတ်သင်ပယ်ရှင်းစေနိုင်တယ် လွယ်လွယ်ပြောရရင် သောကငြိမ်းတယ်၊ 
    (၃)စည်းစိမ်မပြတ် သမ္ပတ္တိအားလုံးကိုလဲ ရခြင်းငှာ စွမ်းနိုင်တယ် လို့ ဗုဒ္ဓ၀င်မှာဆိုပါတယ်။ 
အင်္ဂုတ္တရနိကာယ် မှာတော့- 
 (၁) အသုတံ သုဏာတိ ။ မကြားဘူးသေးတဲ့တရားတွေကို ကြားနာရတယ် ၊
 (၂) သုတံ ပရိယောဒါပေတိ ။ ကြားနာပြီတဲ့တရားတွေကို ထပ်မံနာကြားရတဲ့အတွက် သံသယကင်း အမြင်ရှင်းလင်း စိတ်ကြည်လင်တယ် ၊
 (၃) ကင်္ခံ ၀ိတရတိ ။ ယုံမှားမှုကို ပယ်ဖျောက်စေတယ် ၊ 
 (၄) ဒိဋ္ဌိ ဥဇုံ ကရောတိ ။ အယူဖြောင့်မှန်စေတယ်၊ 
 (၅) စိတ္တမဿ ပသီဒတိ ။ အယူမှန်တော့ မိမိရဲ့စိတ်လေး ကြည်လင်စေတယ်၊ စတဲ့ အကျိုးတရားတွေ ပြောရရင်တော့ အများကြီးပါပဲ ၊ 
    မိမိဟောလိုက်တဲ့တရား ပေးလိုက်တဲ့ အဆုံးအမသြ၀ါဒ ကောင်းတဲ့လမ်းညွှန်ချက် လိုက်နာတဲ့ သူတွေ ဟောဒီလို ဟောဒီလိုအကျိုးတွေကို ခံစားရတယ်၊ တို့လည်းပဲ ကိုယ့်ထက် အသက်သိက္ခာ ဂုဏ်ဝါကြီးရင့်တဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့ ပြောဆိုဆုံးမ သွန်သင်ညွှန်ပြမှုကို လိုက်နာကျင့်သုံးနေထိုင်မယ်ဆိုရင် အဲဒီလို အကျိုးတရားတွေ ငါတို့လည်း ခံစားရမှာပဲဆိုတဲ့ အသိစိတ်လေးတခု ထားစေချင်ပါတယ်။ ဆုံးမမှုကိုလိုက်နာဆိုတဲ့နေရာမှာ အသက်ကြီးတဲ့သူတို့ရဲ့ ဆုံးမမှုကို ပုံသေလိုက်နာ ခိုင်းတာတော့ မဟုတ်ပါဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ လိုက်နာခိုင်းတာပါ ၊ လူအမျိုးမျိုးရှိကြတဲ့အတွက် ကြောင့် တယောက်နဲ့ တယောက် အတွေးအခေါ် အယူအဆ တူညီတဲ့အရာရှိသလို မတူညီတဲ့ အတွေးခေါ် အယူအဆတွေလည်း ရှိတတ်ပါတယ် ၊ 
       တပည့်တော်တို့ အနေနဲ့ ကိုယ့်ထက်ကြီးသူက ပြောတာပဲဆိုပြီး အားလုံးကို ခေါင်းတမ်းညိမ့်လို့ မဖြစ်ပါဘူး၊ ယနေ့ခေတ်မှာတော့ များသောအားဖြင့် တစ်ယောက်ယောက် စကားပြောလိုက်ရင် ကောင်းတယ် ဆိုးတယ် မိမိ ဦးနှောက်နဲ့ မစဉ်းစား မတွေးခေါ်ဘဲ ကိုယ့်စိတ်ထဲ သဘောကျတယ် ဆိုရင်လက်ခံချင်တယ်၊ အများကလည်း အဲဒီအတိုင်းပဲ ကိုယ်ပိုင်အသိဥာဏ်နဲ့ မဆုံးဖြတ်ဘဲ အမှားကြီးတခုကို ပြောနေစေကာမူ အများကြိုက်တော့ အဲဒီစကားဟာ အတည်ဖြစ်သွားတာတွေ အများကြီးတွေ့ကြုံရပါတယ် ၊ တချို့ကြတော့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်၊ ပြောရရင် အသိပညာ သူတို့မှာ ပါမလာတော့ သူများပြောနဲ့ပဲ ကျေနပ်နေတဲ့သူတွေလည်း အများကြီး တွေ့ဘူးပါတယ် ၊ အဲဒီသူတွေဟာ ကိုယ့်ကိုယ်ကို လူကြားသူကြား ရောက်ရင် သူတို့ အသိဥာဏ်မရှိဘူးလို့ထင်မှာလည်း ကြောက်တယ် ၊ ဟိတ်ဟန်တော့ မပြတ် နေတတ်ပါတယ်၊ အများသူတွေကို လိမ်ညာလို့ ရနေပေမဲ့ ကိုယ့်ကိုယ်ကိုတော့ လိမ်ညာလို့ မရပါဘူး ၊ 
    အဲဒီသူတွေအတွက် အသိပေး သတိပေးလိုတာကတော့ 
   ဖျင်း ဖျင်းမှန်းသိ ၊ လူတော်ဖြစ်နိုင်၏ ။ 
  ဖျင်းနေလျက်ပင် ၊ လူတော်ထင် ဖျင်းမြဲ ဖျင်းမည်ပင် ။
     ပြောချင်တာက လူတိုင်းလူတိုင်း မည်သူမဆို ကိုယ့်ကိုယ်ကို ဖျင်းရင် ဖျင်းတယ်လို့သိရင် အဲဒီလူဟာ လူတော်ဖြစ်နိုင်ပါတယ် ၊ မိမိကိုယ်ကို ဖျင်းနေပါလျက် လူတော်ထင်လို့ကတော့ နောက်လည်း အဲဒီလူ ဖျင်းနေအုံးမှာပါပဲ ၊ 
     အဲဒီလိုပါပဲ မိမိက တကယ်မသိပါဘဲလျက် သိတာလိုလို တတ်ယောင်ကား နေမယ်ဆိုရင် အဲဒီလူ ပိုပြီးတော့တောင် အသိဥာဏ်နှောင့်နှေးသွားပါတယ် ၊ မိမိကိုယ်ကို ငါဒီဟာကို တကယ်မသိဘူး မတတ်ဘူးလို့ သိရင် အဲဒီလူက ကြိုးစားရင် ပညာရှိသူ ဖြစ်လာမှာပါလို့ ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။ 
    ယနေ့ခေတ်မှာ အသိဥာဏ်ရှိဖို့ထက် အသက်ကြီးဖို့က အဓိကဖြစ်နေပါတယ်၊ အသက်ငယ်ရင် အထင်မြင်သေးချင်တဲ့သူတွေကို အများကြီးတွေ့နေရပါတယ်။ တပည့်တော်ပြောချင်တာက လူတယောက်ကို ကြည့်ရင် အသက်ကြီးတာ ငယ်တာကို မကြည့်စေချင်ပါဘူး ၊ သူတို့ကို ကြည့်ရင် လူရယ် မူရယ် နှစ်မျိုးရှိတဲ့အထဲက မူကို ကြည့်စေချင်တာပါ၊ မူဆိုတာအခြားမဟုတ်ပါဘူး၊ သူ့ရဲ့ ပြောဆို ပြုမူ ပြုလုပ်ခဲ့တာတွေဟာ ကောင်းတယ် ဆိုးတယ် ခွဲခြားနားလည်ပြီး မကောင်းတာတွေ့ရင် မကောင်းဘူးလို့မြင်ပြီး ကောင်းနေရင် ကောင်းတယ်လို့ မြင်တတ်ဖို့ လိုပါတယ် ၊ အသက်ကြီးတဲ့သူဆိုပြီး မကောင်းတာကြီးကို ကောင်းတယ်လို့ မမြင်စေချင်ပါဘူး ၊ အသက်ငယ်နေသူပဲဆိုပြီး ကောင်းနေပါလျက် မကောင်းဘူးလို့ မမြင်စေချင်ပါဘူး ၊ 
     အဲဒါတွေကို ဘယ်လိုသိရလဲ ဘယ်လိုပေတံတွေနဲ့ တိုင်းတာရမလဲဆိုရင် အများလူ ဘယ်လောက်ကြိုက်ကြိုက် ဘုရားမူမကိုက်ရင် အဲဒီအမြင်မျိုး လက်မခံသင့်ပါဘူး၊ အများလူလဲကြိုက် ဘုရားမူလဲကိုက်တဲ့ အမြင်မျိုးကို သာ လက်ခံသင့်ပါတယ် ၊ အဲဒီပေတံနဲ့ တိုင်းတာရပါမယ် ၊ အခုတပည့်တော်ပြောတဲ့ စကားလုံးတွေဟာ အရှင်ဘုရားတို့အနေနဲ့ ရင့်သီးတယ်လို့ ထင်ချင် ထင်ကြမှာပါ ၊ မည်သူတဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမပါဘူးဆိုတာတော့ ယုံစေချင်ပါတယ် ၊ ဓမ္မ လမ်းကြောင်းအရ ထိခိုက်နေတယ်ဆိုရင်လည်း နားလည်ပေးပါလို့ လျှောက်ထားလိုပါတယ်။ 
         နောက်တစ်ခုကတော့ ဝေနေယျသတ္တ၀ါတွေကို သတိပေးနေတဲ့ ဘုရားရှင်စကားတော်က ဘာလဲဆိုရင်- 
  မာ ဝေါ ခဏံ ၀ိနာသေထ ။ 
  ချစ်သား ချစ်သမီးတို့ ရရှိလာတဲ့အချိန်အခါ အခွင့်ကောင်းတွေကို မပျက်စီးစေဖို့ မှာထားတော်မူပါတယ်၊ 
   အဲဒီစကားတော်ကို သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်ရင် အချိန်အခါ အခွင့်ကောင်းတွေကို မပျက်စီးစေနဲ့လို့ ပြောဆိုသတိပေးလိုက်တော့ ဆိုလိုရင်းအဓိပ္ပါယ်ကို လွယ်လွယ်နဲ့ အများနားလည်အောင် အဖြောင့်ပြန်မယ်ဆိုရင် အချိန်ကို အလကားမဖြစ်စေဖို့ အချိန်ကို အလကားဖြုန်းတီး မပစ်ကြဖို့ အချိန်ကိုအကြိုးရှိရှိ အသုံးချဖို့ မှာထားတဲ့စကားပဲလို့ အဓိပ္ပါယ်ရတယ်။ 
         ဘယ်လိုလုပ်ပြီးအသုံးချခိုင်းတာလဲဆိုရင် ဗုဒ္ဓမြတ်စွာ လေးဆယ့်ငါးဝါ ကာလပတ်လုံး နေ့စဉ်နေ့တိုင်း အမြဲမပြတ် သတိပေးနေတဲ့စကားတော်က ----- 
     အပ္ပမာဒေန သမ္ပာဒေထ ။ ချစ်သား ချစ်သမီးတို့ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆ မနေလိုက်ပါနဲ့၊ အမှတ်တမဲ့ မနေလိုက်ပါနဲ့ ၊ မမေ့လျော့သော သတိတရားနဲ့နေကြ၊ အမှတ်တရ နေကြလို့ မိန့်မှာတော်မူပါတယ်၊
      မေ့လျော့ပေါ့ဆ အမှတ်တမဲ့နေသူတွေအတွက် အပါယ်လေးပါးဟာ မိမိအိမ်နဲ့တူတယ်ဆိုတဲ့ အကြောင်းကို ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ- ဆိုတဲ့ဒေသနာတော် က ထောက်ခံနေပါတယ်။ အပါယ်ဆိုတာဘာကိုဆိုတာလဲဆိုရင် ချမ်းသာကင်းရာ အရပ်ကို အပါယ်လို့ခေါ်တာပါပဲ ၊ ချမ်းသာကင်းတယ်ဆိုတော့ ဆင်းရဲတဲ့နေရာအရပ်ကို ပြောလိုတာပါ ၊ ဥပမာအနေနဲ့ကတော့ မြင်း နွား ခွေး ကြောင် စတဲ့ သတ္တ၀ါတွေကိုကြည့်ကြည့် အဲဒီသတ္တ၀ါတွေ ဘယ်လောက်ဆင်းရဲလဲ ဆိုရင်ပေါ့၊ အဲဒီသတ္တ၀ါတွေဆိုရင် ပိုင်ရှင်က အလေးမထားရင် ၀မ်းစာအတွက် ထမင်းရည်တောင် ၀အောင်သောက် ရဖို့ မလွယ်ပါဘူး၊ ဆင်းရဲပါတယ် မိမိတို့လည်း ကိုယ့်အိမ်ဆိုတာ ကိုယ်နေချင်သလိုနေမယ် ကိုယ်စားချင် သလိုစားမယ် ကိုယ်သွားလာချင်သလို သွားလာလို့ရတယ်၊ ဘယ်သူကကိုယ့်ကို လာတားမှာလဲ၊ ဘယ်သူကမှ မတားပါဘူး၊ အဲဒါဆိုရင် အလှူဒါနမပေးလှူ သီလမဆောက်တည်မကျင့်သုံး ဘာဝနာတရားပွားများအားထုတ်မှုဘာတခုမှမလုပ်ဘူး။ မကောင်းတာလုပ် မကောင်းတာပြော မကောင်းတာကြံ မေ့လျော့ပေါ့ဆ အမှတ်တမဲ့နေတဲ့ သတ္တ၀ါတွေရဲ့စံအိမ်ဟာ အပါယ်လေးပါးပါပဲ ။ 
      မမေ့မလျော့ မပေါ့မဆသော သတိနဲ့နေ အမှတ်တရနေဆိုတာ ဘယ်လိုနေခိုင်းတာလည်းဆိုရင်--- ‘ကထံ ဘူတဿ မေ ရတ္တိန္ဒိဝါ ၀ီတိဝတ္တန္တီ’တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ။ ငါဘယ်လိုနည်းနဲ့ နေ့တွေ ညတွေကို ကျော်လွန်စေရပါ့မလဲ ဘယ်လိုကုန်ဆုံးစေရပါ့မလဲလို့ အမြဲ မပြတ်ဆင်ခြင်စဉ်းစားရမယ် ၊ အလှူဒါနပေးလှူ သီလဆောက်တည်ကျင့်သုံး ဘာဝနာတရားပွားများလို့ ကိုယ့်ကိုယ်ကို ကောင်းအောင်စောင့်ထိန်းလိှု့ ကောင်းတဲ့ကာယကံအမှုတွေ ပြုလုပ်နေထိုင်သွားမယ်၊ နှုတ်ကိုကောင်းအောင်စောင့်ထိန်းလို့ ကောင်းတဲ့ စကားတွေကို ပြောဆိုနေထိုင်သွားမယ်၊ စိတ်ကိုကောင်းအောင်ထိန်းလို့ ကောင်းတဲ့အကြံကောင်းတွေကို ကြံစည်သွားမယ်လို့ သန္ဒိဌာန် ပြုထားရပါမယ်။
   ကိုယ့် စိတ်ထဲမှာ ကောင်းသောနံနက်ခင်းဖြစ်ချင်ရင် အဲဒီနံနက်ခင်း မှာ ကောင်းတဲ့အလုပ် ကောင်းတဲ့အပြော ကောင်းတဲ့အကြံအစည်တွေကို ပြောဆိုကြံစည်ပြုလုပ်နေတယ် ဆိုရင် ကောင်းသောနံနက်ခင်း ဖြစ်မှာပါပဲ၊ ကောင်းတဲ့နေ့လည်ခင်း ကောင်းတဲ့ည ဖြစ်ချင်ရင်လဲ မကောင်းတာမလုပ်၊ မကောင်းတာမပြော၊ မကောင်းတာ မကြံစည်ဘဲ နေကြမယ် ဆိုရင် ကောင်းတဲ့နေ့လည် ကောင်းတဲ့ညဖြစ်ပြီပေါ့။ 
    အချို့သူတို့ရဲ့ အယူအဆဟာ အလုပ်တခုလုပ်ရင် ဒီနေ့ကကောင်းတယ် ဒီနေ့က မကောင်းဘူးလို့ ပြောလေ့ရှိပါတယ်၊ သူတို့ပြောတဲ့ နေ့ကောင်းတယ် မကောင်းဘူးဆိုတာ သူတို့နဲ့ပဲဆိုင်ပါတယ် ၊ ဒီနေ့ဟာ ကောင်းတဲ့နေ့လို့ သူတို့ဘယ်လောက်ပြောပြော မကောင်းတာတွေပဲ လုပ်နေရင် အဲဒီနေ့ဟာ ဘယ်တော့မှ ကောင်းတဲ့နေ့ ဟုတ်မှာမဟုတ်ပါဘူး ၊ ဒီနေ့ဟာ မကောင်းဘူးလို့ ဘယ်လောက်ပြောပြော ကောင်းတာလုပ်တဲ့နေ့ဟာ ကောင်းတဲ့နေ့ပါဘဲ။ ကိုယ် နှုတ် စိတ် သုံးပါထဲက မိမိဟာ အားလုံးကို မထိန်းနိုင်ရင်တောင် တခုခုကို စောင့်ထိန်းနိုင်ရင်ကောင်းတယ်။ အားလုံးထိန်းနိုင်ရင် ပိုကောင်းပါတယ်၊ 
     တပည့်တော်အနေနဲ့ အသိပေး သတိပေးလိုတာက ကိုယ်လုပ်မဲ့အလုပ် မပြုလုပ်ခင် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘယ်သူ့ကိုများ ထိခိုက်မလဲ ၊ ကိုယ်ပြောမယ့်စကား မပြောကြားခင် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘယ်သူ့ကိုများ ထိခိုက်မလဲ ၊ ကိုယ်တွေးမဲ့အတွေး မတွေးတောခင် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘယ်သူကိုများ ထိခိုက်မလဲ ဆိုတာကိုအသိပေး သတိပေးလိုပါတယ်၊ ထိခိုက်တဲ့နေရာမှာ ဓမ္မ လမ်းကြောင်းဘက်ကပြောဆိုလို့ ထိခိုက်တာတော့မပြောလိုပါဘူး ၊ မှားယွင်း လွဲမှားတဲ့ အယူအဆ အတွေးအခေါ် အပြောအဆို မျိုးနဲ့ မထိခိုက်စေချင်တာပါ ၊ အမှားဆိုတာ လူတိုင်းမှားတတ်ကြပါတယ် လူတိုင်းလူတိုင်း မှားခွင့်တော့ ရှိပါတယ်။ ကိုယ်မှားလိုက်တဲ့အမှားဟာ သူများမျက်ရည်ကျ လောက်တဲ့အမှားမျိုး သူများဘ၀ပျက်လောက်မဲ့ အမှားမျိုးတော့ ဘယ်သူမှ မမှားသင့်ပါဘူး ။ ကိုယ် နှုတ် စိတ် သုံးပါးထဲက (နှုတ်)ပါးစပ်နဲ့ပတ်သက်လို့ သတိထားမိအောင် အနည်းငယ် ပြောလိုပါတယ်၊
     မယဉ်ကျေးရင် အများမုန်း ၊ အထင်သေးရင် အမှားဆုံး တဲ့ -- ဒါဘာပြောတာလဲဆိုရင် မည်သူမဆို ၀တ်စား သွား လာ ပြောဆို နေထိုင်တဲ့နေရာမှာ ယဉ်ကျေးစေဘို့ အတွက် ရှေးရှေးပညာရှင် အချို့က မယဉ်ကျေးရင် အများမုန်း ဆိုတဲ့ စကားရပ်ကို ရေးသားခဲ့ပါတယ် ၊
   မုခံ နာမ ဘုဉ္ဇနတ္ထာယ စေ၀ ကထနတ္ထာယ စ ။ ပါးစပ်ဆိုတာအစားစားခြင်းအကျိုးငှာ စကားပြောဆိုခြင်းအကျိုးငှာ ဖြစ်ပါတယ် ၊ အရပ်သားစကားနဲ့ ရိုင်းရိုင်းပြောရရင် အစားမျိုဖို့ရန်နှင့် စကားဆိုဖို့ရန်အတွက် ဖွဲ့စည်းထားတာ တော့မှန်ပါတယ်၊ အရိုးများတဲ့အသားကို ဘယ်သူမှ မစားချင်ကြသလို မရိုးသားတဲ့စကားကိုလည်း မပြောဆိုမိစေဖို့ အသိပေးလိုပါတယ် သတိပေးလိုပါတယ် ။ မရိုးမသားတဲ့ စကားဆိုတာ ဘယ်လိုစကားမျိုးလဲ ၊ ပြောမိရင်ဘယ်လို အကျိုးတရားတွေ ခံစားရမလဲ (ပြောတော့ဘာဖြစ်လဲ)လို့ မေးစရာရှိပါလာတယ် ။ မရိုးသားတဲ့စကားဆိုတာ အခြားမဟုတ်ပါဘူး ၀စီကံလေးပါးပါပဲ ၊
      အဲဒါက ဘာတွေလည်းဆိုရင်
 (၁)မုသာဝါဒါ ----- မဟုတ်မမှန် ချွတ်ယွင်းတဲ့ စကားကို ပြောဆိုခြင်း ၊
 (၂) ပိသုဏ၀ါစာ ----သူနှစ်ယောက်တို့ရဲ့ ချစ်ခြင်းကို ကွဲပြားစေတတ်သော ချောပစ်ကုန်းတိုက်တဲ့ စကားကို ပြောဆိုခြင်း ၊ 
(၃) ဖရုသ၀ါစာ---- သူတပါးတို့ရဲ့စိတ်ကို ပူလောင်စေတတ်တဲ့ လွှကဲ့သို့ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း အလွယ်ပြောရရင် အာကြမ်း လျှာကြမ်းနဲ့ ပြောဆိုခြင်း ၊
 (၄) သမ္ဖပ္ပလာပ----အကျိုးမရှိ ပိန်ဖျင်းတဲ့ စကားကို ပြောဆိုခြင်းရယ်လို့ မရိုးသားတဲ့စကား လေးမျိုးရှိပါတယ်။
     အဲဒီလေးမျိုးထည်းက မိမိတို့တတွေ ကျူးလွန်မိရင်တော့ ဘယ်လိုအကျိုးတရားတွေခံစားရမလဲ ဆိုရင်တော့ အဆိုးဆုံး အကျိုးခံစားရမှု အပေါ့စားခံစားရမှုရယ်လို့ နှစ်မျိုး ခံစားကြရပါတယ်၊ လေးမျိုးထည်းက ဘယ်ဟာကျူးလွန်မိ ကျူးလွန်မိ အဆိုးဆုံးအကျိုးခံစားရမှုကတော့ အတူတူပါပဲ ၊ အပေါ့ဆုံးအကျိုးခံစားမှုပဲ ကျူးလွန်မိသည်အားလျော်စွာ ကွာဟသွားတာပါ၊ 
     အဲဒီလေးမျိုးအတွက် အကြီးဆုံးမကောင်းကျိုးခံရမှုက ဘာတွေလည်းဆိုရင် 
(၁) ငရဲဘုံမှာ ဖြစ်ရပါတယ် ၊
 (၂) တိရစ္ဆာန်ဘုံမှာ ဖြစ်ရပါတယ် ၊ 
(၃) ပြိတ္တာဘုံမှာ ဖြစ်ရပါတယ် အဲဒီလို ခံစားရပါတယ်။ 
    အပေါ့ဆုံးမကောင်းကျိုးက ဘာလဲဆိုရင် 
(၁) မဟုတ်မမှန်တဲ့ စကားပြောတဲ့သူတွေဟာ ကံကောင်းထောက်မလို့ လူပြန်ဖြစ်ရင်တောင် ကိုယ့်ကိုယ်ကို စွပ်စွဲခံရတတ်ပါတယ် ၊ တချို့ ကိုယ်မလုပ်ရ ပါပဲလျက် သူများရဲ့ အစွပ်စွဲခံရတာတွေ တွေ့ဘူးမှာပါ ၊ အဲဒါတွေဟာ အတိတ်ဘက ကိုယ်တိုင်ပြုမိခဲ့တဲ့ မကောင်းကျိုးခံစား ရတာပါ ။
 (၂) သူတပါးတို့ရဲ့ချစ်ခြင်းကို ပျက်စီးစေတတ်သော စကားကို ပြောဆိုတဲ့သူတွေဟာ ကံကောင်းထောက်မလို့ လူပြည်ပြန်ရောက်ရင်တောင် မိတ်ဆွေ ခင်ပွန်းတို့နှင့် စိတ်ဝမ်းကွဲပြား မှုကို ဖြစ်စေပါတယ်၊ တချို့ ညီရင်းအစ်ကို မောင်နှမ ဖြစ်စေကာမှု တယောက်နဲ့ တယောက် စိတ်ဝမ်းကွဲပြားနေတာတွေဟာ အတိတ်ဘ၀က ဒီကံကို လွန်းကျူးမိခဲ့ကြလို့ ဖြစ်နေကြတာပါ ။
 (၃) သူတပါးတို့ရဲ့စိတ်ကို ပူလောင်စေတတ်တဲ့ လွှကဲ့သို့ ကြမ်းတမ်းသောစကားကို ပြောဆိုတဲ့ သူတွေဟာ ကံကောင်းထောက်မလို့ လူပြည်ပြန်ရောက်ရင်တောင် မိမိစိတ်ထဲ မနှစ်မျို့ မခံချင်သော (မိမိစိတ် မနှစ်သက်ဖွယ် )အသံကိုကြားရတတ်ပါတယ် ၊ တချို့ မနှစ်သက်ဖွယ် အသံကြားပြီး စိတ်ချောက်ခြား နေ တတ်တဲ့သူတွေဟာ ကိုယ်ပြုခဲ့တဲ့ မကောင်းကျိုးကြောင့် ခံစားရတာပါ ။
 (၄) အကျိုးမရှိ ပိန်ဖျင်းတဲ့ စကားကို ပြောဆိုတဲ့သူတွေဟာ ကံကောင်းထောက်မလို့ လူပြန်ဖြစ်ရင်တောင် မိမိပြောလိုက်တဲ့ စကားကို သူတပါးတွေ လက်မခံချင်ဖြစ်တတ်ပါတယ် ၊ တချို့ ဘယ်လောက်ပဲ ကောင်းတာပြောပြော ကိုယ့်ပြောလိုက်တဲ့ စကားကို လက်မခံချင် တာတွေ တွေ့ဘူးကြမှာပါ၊ ဒါတွေ အားလုံးဟာ မရိုးမသားတဲ့ စကားကို ပြောဆိုမိလို့ အဆိုးဆုံး မကောင်းကျိုးခံစားရမှုနဲ့ အပေါ့ဆုံး မကောင်းကျိုး ခံစားရမှုတွေပါ ၊ 
       အဲဒါကြောင့် မိမိတို့ တတွေလည်း တတ်နိုင်သမျှ မိမိဘ၀အတွက် ကောင်းတာလုပ်ဖို့ ကိုယ့်ကိုယ်ကို အသင့်ပြင်ထားစေလိုပါတယ် ၊ ကိုယ်လုပ်လိုက်တဲ့ လုပ်ငန်းစဉ် တခုရဲ့အပေါ်မှာ ဘယ်အချိန် ဘယ်အခါ ဘယ်နေရာရောက်ရောက် တကယ်တမ်းပြန်တွေးကြည့်ရင် တန်ကြေးရှိ မရှိ စစ်ဆေးကြည့်ပြီး ပြုပြင်နေထိုင်သွားကြပါလို့နောက်ဆုံး အသိပေး သတိပေးတဲ့ အနေမျိုးဖြင့် ပြောကြား ခဲ့သော အတုယူလိုက်နာစရာနှင့် သတိပြုရှောင်ကြဉ်စရာ အမည်ရှိတဲ့ စာတမ်းလွှာကို နိဂုံးချုပ်လိုက်ပါတယ် သံဃာတော်အရှင်သူမြတ်တို့ဘုရား------------- 
 ရိုသေလေးစားစွာဖြင့် ---- 
အရှင်ဝိမလာလင်္ကာရ
 M.A(Previous)
 ဆန်စကရစ်တက္ကသိုလ်၊
 ဗာရာဏသီမြို့။ 
 မှီငြမ်း ကိုးကားသည့် ကျမ်း စာရင်း-
 (၁) ( ၀ိ- ၁ ၊ ဌ-- ၁ )
 (၂) ( ဓံ -- ၁/၂)
 (၃) (အံ-- ၂ /၃) 
(၄) ဗုဒ္ဓ၀ံသ ပါဠိတော်။
ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်..
$
0
0
ဟိုး ခပ်ဝေးဝေး
 ကြီးကောင်စ၀င်စ အသံလေးမှာ
 ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ် 
ကမ္ဘာမြေကြီးပေါ်မှာ 
အကုသိုလ်ပန်းတွေဝေပုံကလည်း 
အဖူးပေါ် အညွှန့်တက်လို့ 
တက်မက်စရာပါလား အမေ 
သံသရာလေးတေးချင်းတွေက စီစီ
 ပုရစ်ကလေးလို သားကမြည်လို့ပေါ့ 
တစ်ခါတစ်ရံတော့ အမေရယ် 
သားဘ၀ဟာ
 မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။
 သားလေ 
သူ့ကိုယ်ပိုင် အသီးတွေ 
ညွှတ်အိလေးလံနေအောင် 
ထမ်းပိုးထားရပေမယ့် 
 ပျော်ရှာတဲ့ 
ကုန်ထမ်းသမား သလဲပင်ကလေးကို
 အားကျမိတယ်။ 
 အမေရယ်
 လေတွေထန်နေလေလေ 
သားမှာ ကြေကွဲရလေလေပါပဲ 
မိုးဦးအကျစောမယ်ဆိုတာလည်း 
တကယ်တော့
 လောကဓံတရားပါလား 
အိပ်စရာမရှိတဲ့ ညတွေမှာ 
မိုးတွေသိပ်ရွာတာပဲ အမေရယ်။ 
အမှောင်နဲ့ စိုစွတ်
 မိုးရေတွေ ရွှဲရွှဲနစ်လို့ 
အသံတွေတောင် 
ငုတ်နေခဲ့ပါပြီ အမေ 
ဆုံးရှုံးမှု သစ်ရွက်တွေ 
မရှုမလှနဲ့ 
ကံဆိုးမိုးမှောင်
 တောင်ကုန်းပေါ်မှာ
 သားဘ၀ရဲ့ 
အပိုင်းအစတွေတဲ့လား 
သားငြင်းဆန်တယ် အမေ 
အမေ မသိဘူးလား 
အမေ့သားက ကဗျာဆရာလေ အမေရဲ့။ 
 တကယ်တော့လည်း အမေရယ် 
ကဗျာဆရာဆိုတာ
 ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ။ 
အမေရယ် . . .
 ဟောဒီ ကမ္ဘာလောကကြီးမှာ
 အမေ့သား ကဗျာဆရာဖြစ်လာတာ 
အပြစ်ရှိပါသလား အမေ 
သားရဲ့ အချစ်မှာလေ
 ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
 စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေ 
 ခုတော့ 
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
 ခေါင်းအုံးအိပ်မိလို့ 
အကြင်နာအမဲ့ဆုံး ဆုလဒ်ကို သားရခဲ့ပါတယ်။ 
အမေမသိဘူးလား 
လူတွေရဲ့အပြုံးမှာ 
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
 ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ 
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို 
သား တူးတူးခါးခါး မုန်းတယ်အမေ ။ 
 အမေရယ် 
တခြားသူတွေ အတွက်တော့ 
အရာရာဟာ
 လက်တစ်ပစ်စာရယ်ပါ။ 
သားမှာတော့ 
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့ 
သားလေ
 ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။ 
 သားရဲ့ `ဘီး´ ကလေးဟာလေ
 ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
 ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
 ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ ။ 
 အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
 နေ့စဉ် ခုန်ချနေရတဲ့ ဘ၀ခရီး 
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ 
အမေရယ် 
လွတ်လွတ်ကျွတ်ကျွတ်ကြီး 
ကန်သွင်းခံရ 
ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
 အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
 ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
 ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာ မြင်ရ 
အမေရယ် အတွင်းလူမမာ တစ်ယောက်ပါ။ 
 ဒါပေမယ့် 
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
 ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလည်းပါတယ်လေ
 လူနဲ့သူနဲ့ မတူတဲ့လူလို့
 လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့ 
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ 
ဘယ်တော့များမှ သမ္မဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
 တစ်ယောက်ကို တစ်ယောက်မေးရင်း 
မျက်စေ့တစ်မှိတ် လျှပ်တစ်ပြက်အတွင်း
 သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား 
ဘ၀ကို ဖြစ်ညှစ်ကြည့်လိုက်တော့ 
လိမ္မော်သီးကလေးမှာ 
အချိုရည် ကျန်သေးတယ်
 အို . . . 
အသည်းနှလုံးထဲမှာ
 ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ် ။ 
 ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
 မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
 နှင်းစက်တွေကို
 အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
 လမင်းကို
 ပြည့်ပြည့်၀၀ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ် 
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
 မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
 မကြာခဏ 
လူလိမ်ခံရတဲ့ ရင်ထဲက ကြယ်ပြာလေးရယ်
 နက္ခတ်မိမိ ပျော်ချင်ရှာတဲ့ အပျော်လေးရယ် 
သားလက်ဖ၀ါးထဲမှာ 
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ 
တဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
 အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။ 
ထမင်းစစ်စစ် စားချင်တယ် အမေရယ် 
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
 ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
 ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
 ပြီးတော့ဟောဒီလို 
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
 တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
 ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
 အမေရယ်
 အမေ့ဆိပ်ကမ်း မကပ်တာကြာပြီဖြစ်တဲ့
 သားသင်္ဘောလေ အမေရဲ့။ 
ကျနော် ရိုးသားခဲ့ပါတယ် အမေ 
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။
 မောင်ချောနွယ်
ရင်ထဲက အတိတ်..။
$
0
0
           “ကိုရင် နာမည်ကို နိပုဏ လို့ မှတ်ထား။ မှတ်မိလား ကိုရင်။ နိပုဏ ဆိုတာ သိမ်မွေ့တယ် လို့ အဓိပ္ပါယ်ရတယ်။ တစ်ခြား ပညာရှိ၊ နိဗ္ဗာန် ဆိုတဲ့ အနက်တွေလဲ ရှိသေးတယ်ကွဲ့။ ဒါပေမယ့် ကိုရင်ရဲ့ နေပုံ ထိုင်ပုံက သိမ်သိမ်မွေ့မွေ့ရှိတော့ နိပုဏလို မှည့်ပေးတာ။”
            ငယ်စဉ် ၁၁ -နှစ် အရွယ် သင်္ကန်းစစည်းစဉ်က ဆရာ ဘုန်းတော်ကြီး ဘွဲ့နာမည်ပေးခဲ့သော ရက်ကလေးကို ပြန်လည်၍ သတိရမိပေသည်။ မိမိတို့၏ ရွာဓလေ့မှာ သင်္ကန်းခဏ၀တ်သော ကိုရင်များကို ဘွဲ့နာမည်ပေးလေ့ မရှိပေ။ ၀ါဆိုသော ကိုရင်များကိုသာ ၀ါဆိုလပြည့်နေ့ည၌ ဆရာဘုန်းတော်ကြီးက သြ၀ါဒ ပေးပြီး အသီးသီး၏ ဘွဲ့နာမည်တို့ကို ချီးမြှင့်လေ့ရှိသည်။
            လပြည့်နေ့ညဖြစ်၍ ငွေလမင်းကြီး ထိန်ထိန်သာနေသကဲ့သို့ ပထမ၀ါ ဆိုရတော့မည်ဟူသော အသိဖြင့် သာသနာဘောင် တက်သက်စ မိမိတို့သည်လည်း ပျော်ရွှင် တက်ကြွလျက်ရှိသည်။ ထိုအချိန် ဆရာဘုန်းတော်ကြီးက တစ်ပါးခြင်း၏ ဘွဲ့နာမတို့ကို မိန့်ကြားရာတွင် မိမိအလှည့်ရောက်သောအခါ အထက်ပါ စကားကို မိန့်ကြားလေသည်။ 
       ဆရာ ဘုန်းတော်ကြီးဆိုလိုသော ဘွဲ့နာမည်၏ အဓိပ္ပါယ်ကို လေးနက်စွာ သဘောမပေါက်ခဲ့သော်လည်း ဘွဲ့နာမည် ရသဖြင့် အပျော်ကြီး ပျော်ခဲ့ရသည်။ သြ၀ါဒပေးပြီးသောအခါ ဘုန်းတော်ကြီးကို လျှောက်ပြီး သင်္ကန်းရုံကာ အိမ်သို့ ပြေးတော့သည်။ အိမ်သို့ ရောက်လျှင် ရောက်ခြင်း ဖခင်ကြီးအား မိမိ၏ဘွဲ့နာမည်ကို ထုပ်ကြွားလေ၏။ ကိုရင် ဘွဲ့နာမည်က ကောင်းလှပါလား- ဟု ဖခင်ကြီးက ချီးမွမ်းပြီး ၀ါဆိုသင်္ကန်း အကောင်းစားတစ်စုံ ၀ယ်ကပ်မယ်ဟု လျှောက်ထားကာ နောက်ရက်တွင် ဂျင်းသင်္ကန်းတစ်စုံ ၀ယ်လှူ၏။ ထိုအချိန်က အကောင်းဆုံးအမျိုးအစား သင်္ကန်းရ၍ ကျေနပ်ခဲ့ရသည်။ 
     တကယ်တော့ မိမိအနေဖြင့် ၈၈-အရေးအခင်း ကျောင်းတွေပိတ်၍သာ ဘုန်းကြီးကျောင်းသို့ ရောက်လာခြင်းဖြစ်သည်။ သင်္ကန်းဝတ်ကာနေပြီး ၀ါဆိုဖို့ စိတ်ကူးမရှိပေ။ သူငယ်ချင်းများ အားလုံး ဘုန်းကြီးကျောင်းနေကြ၍ ဆော့စရာ အဖော်မက်ကာ ဘုန်းကြီးကျောင်းသို့ ရောက်လာသည်ဟု ဆိုက ပို၍ မှန်ကန်ပေမည်။ ကိုရင်ဘ၀ရောက်တော့လည်း စာကျက်လိုက်၊ ကစားလိုက်၊ အဆုံးအမ နာယူလိုက်ဖြင့် အပျော်ကြီး ပျော်နေလေတော့၏။
       ကျောင်းတွေ ပြန်ဖွင့်တော့ ၀ါတွင်းကာလဖြစ်၏။ စာသင်ကျောင်း ဆက်တက် မတက် စဉ်းစားရတော့၏။ ဖခင်ကြီးကား မိမိသည် သားဦးဖြစ်၍ သာသနာ့ဘောင်တွင် မနေစေချင်။ စာသင်ကျောင်းထားပြီး လယ်ယာလုပ်ငန်း အလုပ်တွင် ကူညီစေချင်၏။ မိခင်ကြီး ကား အေးအေးဆေးဆေး နေသူဖြစ်၍ ပျော်ရင်နေ မပျော်ရင် ထွတ်ခဲ့ဟူ၏။ သံယောဇဉ်ကြီးရှာသော အဒေါ်ကတော့ လူထွတ်စေချင်၏။ ‘ တစ်သက်လုံး မနေနိုင်ဘဲ အသက်ကြီးမှ ထွတ်ခဲ့ရင် ကိုရင် လူထွတ် ပေါ့ပြက်ပြက် ဆိုပြီး ဘာမလုပ်တတ် ညာမလုပ်တတ်ဖြစ်နေမယ်။ သူငယ် ချင်းတွေ မြို့မှာ ကျောင်းသွားတက်နေရတာကို လယ်ကွင်းထဲက လှမ်းကြည့်ပြီး နောင်တရနေမယ်။ ထွတ်ခဲ့’ ဟု ပြောရှာသည်။ သူငယ်ချင်းများကလည်း စာသင်ကျောင်း နေဖို့ လာခေါ်ကြသည်။
       ကလေးဘ၀ တိကျစွာ မဆုံးဖြတ်နိုင်ခဲ့သော်လည်း ဆိုနေဆဲ ၀ါလေး တစ်ဝါတော့ ရသွားချင်သည်။ ထိုအချိန်က အထူးသဖြင့် သူငယ်ချင်းများနှင့် ကစားရသည်တို့ကို သတိရပြီး ၀ါကျွတ်လျှင် လူထွတ်ပြီး စာသင်ကျောင်းပြန်နေမည်ဟု ဆုံးဖြတ်ခဲ့သည်။ မိမိတို့ရွာတွင် သင်္ကန်းဝတ်ဖြင့် စာသင်ကျောင်းနေလေ့ မရှိပေ။ ထိုကြောင့်လဲ သင်္ကန်းဝတ်ဖြင့် ဆက်နေမည်လား၊ လူဝတ်လဲပြီး စာသင်ကျောင်းဆက်နေမည်လား ဟူသော လမ်းနှစ်သွယ်တွင် တစ်လမ်းကို ရွှေးချယ်ရခြင်းဖြစ်သည်။ 
      သင်္ကန်းဝတ်ဖြင့် နေရမည့်ကံ ပါခဲ့သည်ထင်သည်။ ၀ါကျွတ်သောအခါ မိမိ၏ အခင်ဆုံး သူငယ်ချင်းနှစ်ယောက် စာသင်ကျောင်းကြေး ဈေးကြီးလို့ ဆိုကာ ကျောင်းထွတ်ကြ၏။ သူတို့ မရှိက မိမိသည်လည်း စာသင်ကျောင်း နေချင်စိတ် မရှိတော့ပေ။ ထိုကြောင့် သင်္ကန်းဝတ်ဖြင့် ဆက်နေရန် ဆုံးဖြတ်ခဲ့တော့သည်။ 
        ထိုစဉ်အတွင်း ဂန့်ဂေါမြို့တွင် နေသော အကိုဝမ်းကွဲ ဦးဇင်း တစ်ပါး ရွာသို့ အလည်ရောက်လာသည်။ ညီတောင်မောင် သာသနာဘောင်မြဲစေရန်အတွက် ဂန့်ဂေါသို့ ခေါ်သွားကာ စာသင်တိုက်တစ်တိုက်တွင် ထားမည်ဟူ၏။ ဖခင်ကြီးကလည်း အကို လာခေါ်သဖြင့် စိတ်ချကာ လိုက်စေလို၏။ ဆရာဘုန်းကြီး၏ ဆန္ဒက ရွာတွင် ၂-၀ါလောက်နေစေကာ အခြေခံစာသင်ပြီး သင့်တော်မည့် မြို့ စာသင်တိုက်တစ်တိုက် ပို့ပေးချင်သည်။ မိမိကား ထို့သို့မဟုတ်ပေ။ မြို့တွင် မနေဘူးသဖြင့် အကိုခေါ်သောမြို့စာသင်တိုက်သို့သာ လိုက်မည် တကဲကဲဖြစ်နေတော့၏။ 
        နောက်ဆုံး ဆရာ ဘုန်းတော်ကြီးက ဂန့်ဂေါတွင် စာသင်တိုက် ကောင်းကောင်း မရှိသေးဟု ဆိုကာ မြို့တွင် နေချင်သော တပည့်ဆန္ဒကိုလည်း မတားမြစ် မပိတ်ပင်မူ၍ ကလေးမြို့၊ မဟာ ၀ိသုဒ္ဓါရုံတိုက်သစ်သို့ ပို့ပေးခဲ့တော့သည်။ ကလေးမြို့ရောက်တော့ မိမိလို အရွယ်တူ ကိုရင်များအတူ ပညာသင်ကြားရင်း အခြေပြုမူလတန်းကို မြို့နယ်တတိယဖြင့် အောင်မြင်ခဲ့သည်။ မြို့နယ်ပထမရသူနှင့် ဒုတိယရသူမှာ အသက် ၂၀ နှင့် ၁၈ နှစ်ဖြစ်ပြီး မိမိကား ၁၂-နှစ်ဖြစ်၍ အများချီးမွမ်းခြင်းကို ခံခဲ့ရသည်။ ကမ္ဗည်းမတင်လောက် လောက်သော မှတ်တမ်းဖြစ်သော်လည်း ခုအချိန် ပြန်တွေးမိသောအခါ သတိရသလို လွမ်းဆွေးချင်သလို အမည်မဖော်တတ်သော ခံစားမှုတစ်ခုတော့ ဖြစ်ရသည်။ 
    ယခုတော့ ကျေးဇူးကြီးမားလှသော ရွာဦး ဆရာဘုန်းတော်ကြီးသည် ဘ၀နတ်ကျောင်း ရွေ့ပြောင်းခဲ့ပါပြီ။ မွေးမိမာတာမှာလည်း သားရဟန်းတော်ကို စိတ်ချကာ နှုတ် ဆက်သွားခဲ့ပေပြီ။ အဒေါ်နှင့် အရွယ်မပျို ဖခင်အိုတို့ကတော့ တရားဘာဝနာတို့ဖြင့် ပျော်မွေ့ကာ လက်ကျန်သက်တမ်းအတွက် စောင့်နေကြဆဲပေ။ သူတို့ ပြုစုပျိုးထောင် ပေးခဲ့သော ဒီရဟန်းတော်တစ်ပါးသည်လည်း သာသနာဘောင်တွင် ပျော်မွေ့နေဆဲပါပေ။ ပစ္စုပ္ပန်သည် အတိတ်ဖြစ်ခဲ့သော်လည်း ယင်းအတိတ်ကိုတော့ လွမ်းမောတသ သတိရနေမိလေသည်။ 
                                                                 သိမ်မွေ့ဦး (BHU)
နှောင်ကြိုးမဲ့ ဖြေတွေး
$
0
0
            စူးမှန်းသိလျက်၊ မနှုတ်ရက်ဘူး၊ ဒီထက်ပိုပြီး၊ စူးပါစေ..။ 
                                               ( မြ၀တီမင်းကြီး ဦးစ ) 
         ခုတလော ငယ်ငယ်က မှတ်ခဲ့ဘူးသော ဒီစာသားလေးကို မကြာခဏ တိုးတိုးလေး ရွတ်နေမိသည်။ တိုက်ဆိုင်မှု တစ်ခုကြောင့်လည်း သတိရနေခြင်း ဖြစ်ဟန်တူသည်။ လောကီ လူသားအားလုံးအတွက် အချစ်ဆိုသောအရာသည် ခံစာရမှန်း ကြေကွဲရမှန်း ပူလောင်ရမှန်း စူးကြသည့်ဆူးမှန်း သိကြပါသည်၊ သို့သော် ပုထုဇဉ် ထုံဓလေ့မို့ ထိုအချစ်ဆူးကို မနှုတ်ရက်ကြပါ။ အချစ်ဆူးကို ရင်ထဲမှ မထုတ်ပြစ်နိုင်ကြပါ။ ဒီထက်ပိုပြီး စူးရင်လည်း စူးပါစေတော့ဟု သဘောထားပြီး စူးမှန်းသိလျက် စွတ်တိုးကာ စူးခံနေကြရသည်။ ပိုးဖလံမျိုးကဲ့သို့ မီးကို တိုးကာ အသက်ပေးကြလေသည်။
        အချစ်သည် သားချစ် သမီးချစ်၊ ဆရာချစ် တပည့်ချစ်၊ မောင်ချစ် နှမချစ်၊ သူငယ်ချင်းချစ်၊ သမီးရည်းစား ချစ်သူချစ် စသည်ဖြင့် အချစ်အမျိုးမျိုး ရှိပေသည်။ ထိုအချစ်များထဲတွင် အပူလောင်ဆုံး အချစ်သည်ကား သမီးရည်းစားချစ် ဖြစ်ပေမည်။ သမိုင်းများထဲတွင် တစ်ညတာ  ချောင်းခြားခြင်း ကြောင့်   နှစ်ပေါင်း ခုနှစ်ရာ ဆွေးရသည့် စန္ဒကိန္ဒရီ မောင်နှံ၊ ကိုဒါသအတွက် မပဋာ၏ သောက၊ ရက်စက်စိမ်းကား ပစ်ခွါသွားသည့် သိဒ္ဓတ္တအတွက် ယသော်ဓရာ၏ အထီးကျန် ပူဆွေးမှု၊ သီပေါဘုရင်အပေါ် အသက်ပေး၍ ချစ်ခဲ့ရသည့် ဒိုင်းခင်ခင်၊ ရိုမီယိုအတွက် ဂျူးလက်၏ ခံစားမှု စသည် စသည်။ 
          ထိုအချစ်တို့ကြောင့်ပင် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် စစ်ခင်းခဲ့ကြလေပြီ၊ ညီအကိုအချင်းချင်း သူငယ်ချင်းအချင်းချင်း အချစ် တိမ်သလ္လာ ဖုံးလွမ်းကာ သတ်ဖြတ်ခဲ့ကြလေပြီ။ အချစ်သည် အေးချမ်း မှုကို ပေးသကဲ့သို့ ပူလောင်မှုကိုလည်း ပေးသည်။ ပျော်ရွှင်မှုကို ပေးသကဲ့သို စိတ်ဆင်းရဲမှု ကိုလည်း ပေးသည်။ အချစ်ကြောင့် ပျော်ရွှင်ကြရ၊ တက်ကြွကြရသကဲ့သို ထိုအချစ်ကြောင့်ပင် ပျင်းရိကြရ၊စိတ်ညစ်ကြရ၊ စိတ်ဓာတ်ကျဆင်းကြရသည်။ ပျင်းစွာ ပူလောင်ကြရပေ၏။ လူငယ်တို့၏ အချစ်၊ လူလတ်တို့၏အချစ်၊ လူကြီးတို့၏ အချစ်၊ မည်သူ့ အချစ်ပင် ဖြစ်စေကာမူ ကိုယ်ပိုင် အသိဥာဏ်ဖြင့် ထိန်းချုပ်မှု မရှိပါက ပို၍ပင် ပူလောင်ကြရပေမည်။ 
           တစ်နေ့က မိမိထံသို့ မောင်မြင့်ကျော် ရောက်လာသည်။ ဒီလူငယ်သည် ငယ်ငယ်ကလေးကတဲက မိမိနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူမို့ မိမိအပေါ် နဲနဲမှ ကြောက်ရွံ့စိတ် မရှိပေ။ ရပ်ကွက်ထဲ ရန်ပွဲကအစ သူကိုယ်ပိုင်အတွင်းရေးများပါ မကျန် ပွင့်လင်းစွာ ရင်ဖွင့်တတ်သည်။ မိမိကို သူ့အကြံပေးအရာရှိဟု မှတ်ထင်ထားသည်လား မသိပေ။ သိချင်သည့်အရာကို အားမနာတန်း မေးတတ်ပြီး မိမိ၏ အကြံဥာဏ်ကိုလည်း ကြိမ်ဖန်များစွာ ယူလေ့ ရှိသည်။ ဒီနေ့လဲ ထုံးစံအတိုင်း ဒီလူငယ် ရောက်လာပြီး-
 ‘ဦးဇင်း တပည့်တော် အသဲကွဲနေတယ်၊ အဲဒါ ဘယ်လိုလုပ်ရမလဲ’ 
 ‘ဟင်…၊ မင့် အသဲကွဲတော့ ငါက ဆင်ကော်ဝယ်ပြီး ကပ်ပေးရမှာလား။ ဒါမှမဟုတ် အရေးပေါ်ကားခေါ်ပြီး ဆေးရုံ ပို့ပေးရမှာလား၊’ 
 ‘ဦးဇင်းရာ မစပါနဲ့၊ တပည့်တော် အခု တကယ် ခံစားနေရတာ ဘုရား၊ တပည့်တော် ချစ်သူက ဘယ်အချိန်ချိန် မေးမေး တပည့်တော်ကို သိပ်ချစ်တယ်လို့ ဖြေတယ်။ ဒါကြောင့်လဲ တပည့်တော်က တကယ်ယုံပြီး ရှုးရှုးမှုးမှုးကို ချစ်မိခဲ့တာ။ ခုကြတော့ အကြောင်းပြချက်မရှိဘဲနဲ့ ဖုန်းခေါ်ရင်တောင် မကိုင်တော့ဘူး။ လူချင်းတွေ့ချင်လို့လဲ မရတော့ဘူး ဘုရား။ တကယ် စိတ်ညစ်ပါတယ် ဦးဇင်းရာ။'
 ‘အော်- ခက်လိုက်ပါဘိ..မောင်မြင့်ကျော်ရယ်..။ လူပျိုကြီးဆီ လာပြီး ပီယဆေး တောင်း သလို ဖြစ်နေပါပကော။ ဒါဆို ငါက မင့်တို့ နှစ်ယောက်ကြား ဖိုးရွှေလမင်းကြီး လိုက်လုပ်ပေးရမှာလား။’ 
‘အဲဒီလိုတော့ မဟုတ်ပါဘူး ဦးဇင်း။ တပည့်တော် ခုလောလောဆယ် ဖြစ်နေတဲ့ စိတ်ညစ်မှုကို ပျောက်ချင်တာပါ။ ဦးဇင်း သိသလောက် တတ်သလောက် ဖတ်ထားသလောက် တပည့်တော်ကို နဲနဲလောက် ပြောပြပေးပါလား။ တပည့်တော် နားထောင်ပြီး အတတ်နိုင်ဆုံး သောကကို ကျိုးစားပြီး ဖြေဖျောက်ပါမယ်။’ 
 ‘အေး.. ဒါဆိုလဲ ပြောပြရတာပေါ့.။ မင့်သိဖို့က အချစ်တစ်ခုရှိရင် သောကတစ်ခု ရှိတယ်၊ အချစ်များများ ရှိရင် သောကများများရှိတယ်တဲ့။ သောကမဖြစ်ချင်ရင် မချစ်ဘဲ နေနိုင်အောင် ထိန်းရမယ်။ သိပ်ချစ်ရင် စိတ်ညစ်မယ်။ စွဲလန်းရင် အသဲကျွမ်းမယ် တဲ့။’
 ‘အချစ်ဆိုတာကတော့ တဏှာမကင်းတဲ့ သတ္တ၀ါတိုင်း ဖြစ်နေတာပါပဲ။ တကယ် တွေ့ကြုံခံစားရပြီဆိုရင် ကိုယ်ပိုင်အသိဥာဏ်တွေနှင့် ထိန်းထားနိုင်မှ တော်ကာကြတာ။ ဒီလိုမှ မဟုတ်ရင် ခံရတာ မသက်သာဘူးလေ။ ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီး သတ်သေတာမျိုးတွေ ဖြစ်နေကြတာပေါ့။ တစ်ခြား ဖျားနာတာလို ကုစရာ ဆေးမှ သီးသန့်မရှိတာ၊ ဒါကြောင့် မဃဒေ၀ လင်္ကာကြီးမှာ- ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာ၊ သတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွာရှင့်။ ဟု ဆုံးမထားတယ်။ မင့်သဘောပေါက်လား မသိဘူး။’ 
 ‘တင်ပါ။ ပေါက်ပါတယ် ဦးဇင်း။ ဆက်မိန့်ပါအုံး ဘုရား။’ 
‘ဒို့ဘုရားဟောစာပေမှာ- တစ်ခါက မြတ်စွာဘုရားက အချစ်ကြောင့် စိုးရိမ်ရတယ်၊ အချစ်ကြောင့် ဆင်းရဲဒုက္ခ ဖြစ်ရတယ်လို့ ဟောတယ်။ ဒီစကားကို သာဝတ္ထိပြည့်ရှင် ဘုရင် ကောသလက သိပ်မကြိုက်လှဘူး။ အဲဒီအတွက် သူ့မိဘုရားခေါင်ကြီး မလ္လိကာကို ပြောတယ်လေ။ ဒီစကား မှန်နိုင်ပါမလား။ လူတိုင်း အချစ်ကို မျှော်လင့် တောင့်တနေကြတာ။ အချစ်ကြောင့် ပျော်ရွှင်ချမ်းသာနေကြတာပဲ။ ဒါကို ဘုရားက အချစ်ကြောင့် စိုးရိမ်ရ၊ ဆင်းရဲရတယ်လို့ ဟောတယ်၊ ဖြစ်နိုင်ပါ့မလား ဆိုပြီး မေးတယ်။’ 
 ‘မလ္လိကာကလဲ ဘုရားဟောတာ မှန်ကန်ကြောင်း လုံးဝ လက်ခံတယ်။ ဒါကို ဘုရင်က မကျေနပ်ဘူး။ မိဘုရားကို ဘုရားပြောသမျှ ကိုယ်ပိုင်ဥာဏ်နဲ့ မဆန်းစစ်ဘဲ အကုန်လုံး လက်ခံနေတယ်ဆိုပြီး အပြစ်တင်တာပေါ့။’ 
 ‘အဲဒါနဲ့ မိဘုရားကြီးက အရှင်မင်းကြီး နန်းတွင်းမှာ ဘယ်သူကို အချစ်ဆုံးလဲ- လို့ မေးတယ်။ မင်းကြီးက ၀ဇီရ သမီးလေးကို အချစ်ဆုံးဆိုပြီး ဖြေတယ်။ တကယ်လို့ သမီးလေး နာမကျမ်းဖြစ်ရင် အရှင်မင်ကြီး စိုးရိမ်သောက မဖြစ်ဘဲ နေနိုင်ပါ့မလား လို့မေးတယ်။ မနေနိုင်ပါလို့ မင်းကြီးက ဖြေတော့ မိဘုရားကြီးက ဒါဆို အချစ်ကြောင့် စိုးရိမ်ရတယ်ဆိုတာ မှန် မမှန် မေးတယ်။ ဒီတော့မှပဲ ဘုရင်က ဘုရားဟောစကားကို လက်ခံတော့တာ။’ 
 ‘အချစ်ကြောင့် ဒုက္ခရောက်ရတဲ့ ဇာတ်တော်တွေ ဘုရား ဟောခဲ့တာ အများကြီးပါ၊ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ စူဠသုဘဒ္ဒါဟာလေ အချစ်ကြောင့် အမျက်ကြီးပြီး ရန်ငြိုးထားကာ ဆင်မင်းရဲ့ အစွယ်ကို ဖြတ်စေခဲ့တယ်၊ ဇာတ်သိမ်းမလှခဲ့ကြဘူး။ မင့် ဒီအချိန်မှာ အချိန်ပေးပြီး ဆဒ္ဒန်ဆင်မင်းဇာတ်တို့၊ စန္ဒကိန္ဒရီဇာတ်တို့၊ ဘုရင်ဘေးမှာ မခွဲအတူ လိုက်ပြီး ပါရမီဖြည့်ပေးတဲ့ မဒ္ဒီမိဘုရားရဲ့ အချစ် ဝေဿန္တရာ ဇာတ်တော်၊ ညီတော်မင်းနန် တို့ မြန်မာပြန်တွေ ဖတ်ပြီး သင်္ကန်းစာ ယူသင့်တယ်။’
 ‘အဿကဇာတ်မှာလည်း အဿကမင်းကြီးက သေလွန်သူ ဥပရိမိဘုရားကို မပြစ် ရက်နိုင်ဖြစ်ပြီး ဆေးစိမ်သိမ်းထားကာ ပူဆွေးခဲ့တယ်။ အစွဲကြီး စွဲလန်းခဲ့တာမို့ တိုင်းပြည်ရေး ရာတွေပြစ်ပြီးကို စိုးရိမ်ပူဆွေးခဲ့ရတာ။ ကံကောင်းလို့ ဘုရားလောင်း ရသေ့နဲ့တွေ့ပြီး နွားချေးပိုးမ ဖြစ်နေတဲ့ ဥပရိမိဘုရားကို ခေါ်စေကာ သံဝေဂ ရစေခဲ့တယ်။ နွားချေးပိုမ ပြောတဲ့ စကားကို ကြည့်အုံး။ ဖြစ်နိုင်ရင် သူ့ချစ်သူ နွားချေးပိုးဖိုကို ဂုဏ်တက်စေချင်လို့ အဿကဘုရင်ရဲ့ လည်ချောင်းသွေး နဲ့ ခြေဆေးပေးချင်ပါသတဲ့’ 
 ‘တကယ်တော့ အချစ်ဆိုတာ ကိုယ်ကသာ မြတ်မြတ်နိုးနိုး စွဲလမ်းနေတာပါ။ သူ့ဘက်က ဟုတ်ချင်မှ ဟုတ်တာ။ အကျိုးမရှိ စွဲလမ်းမှုတွေနဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ တက်ကြွတဲ့ လူငယ်ဘ၀တွေကို မကုန်ပါစေနဲ့။’ 
 ‘အချိန်သည် အကောင်းဆုံး သမားတော်-တဲ့၊ နဲနဲကြာလာရင် ဒါတွေ အားလုံး မေ့သွားပါလိမ့်မယ်။ ခုချိန်မှာ သူ့အကြောင်းတွေ မတွေးမိပါစေနဲ့၊ ကြိုးစားပြီး မေ့လိုက်ပါ။ မေ့ဖို့ ခက်ပါလိမ့်မယ်။ တွေးပြီး စိတ်ကူးထဲ မျှောသွားရင် ပိုခံစားရမယ်။ လွမ်းစရာကို နာစရာနဲ့ ဖျောက်ရတယ်တဲ့။ သတိရရင်လဲ နာစရာကို ရှာကြံတွေးပါ။ ချစ်နေတော့ ရှာဖို့ ခက်ခဲပါတယ်။ သေသေချာချာ ရှာတွေးပါ။ တွေးပြီး စိတ်နာလိုက်ပါ။ မုန်းခိုင်းတာ မဟုတ်ဘူး။ နာစရာ တွေးပြီး မေ့ခိုင်းတာ။’
 ‘စာတစ်ခု ဖတ်ဖူးတယ်။ လူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် အဲဒီလူရဲ့ အမုန်းကို ခံနိုင်ပြီလားလို့ အရင်စဉ်းစားတဲ့။ သူ့ရဲ့ အမုန်းတရားကို ပြုံးပြုံးကြီး ခံရဲမှ သူ့ကို ချစ်ရမယ်တဲ့လေ။ မင့်အရင်က ဒီလို မစဉ်းစားခဲ့လို့နေမယ်။ ယောင်္ကျားပဲ မောင်မြင့်ကျော်ရာ။ ကိုယ့်မာနကို ထားမှပေါ့။ ဟုတ်ဘူးလား။’ 
‘ခုအချိန်မှာ အောက်က မြန်မာပြန်စာလေးကို ကျက်ပြီး ခဏခဏ ရွက်ပေးပါ။ ကျေနပ်မှုတွေ၊ တက်ကြွမှုတွေ ပြန်ရလာလိမ့်မယ်။ ခုလို ငါ့နဲ့ လာဆွေးနွေးတာ သိပ်ကောင်းပါတယ်။ တစ်ခြား လူငယ်တွေ ဖြေရှင်းသလို အရက်ကို အဖော်လုပ်ပြီး ထွတ်ပေါက်မလုပ်တာကိုပဲ ငါတော့ မင့်ကို ကျေနပ်လှပြီ။’
 ‘ချစ်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ရသည်။ ချစ်ခြင်းကြောင့် ဘေးရန်ဒုက္ခ ဖြစ်ရသည်။ ချစ်ခြင်းမှ လွတ်မြောက်သောသူအား စိုးရိမ်ပူဆွေးခြင်းသည် မရှိ၊ ဘေးရန်သည် အဘယ်မှာ ရှိပါအံ့နည်း။’ 
‘ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏ ။ ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။’
 ‘တင်ပါ ။ ခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။ တပည့်တော် အရှင်ဘုရား ပြောသလို ကြိုးစားပြီး ဖျောက်ပါမယ်။ တပည့်တော်ကို ခွင့်ပြုပါအုံးဘုရား..။’
           မောင်မြင့်ကျော်သည် မိမိကို ပေါက်ဆိမ်ပေါက် ဦးသုံးကြိမ် ချကာ နှုတ်ဆက်ပြီး ပြန်သွားလေပြီ။ မိမိသည်သာ သူ့ကျောပြင်ကို လှမ်းမျှော်ကြည့်ရင်း မိမိကိုယ့်ကို မေးခွန်းတစ်ခု ပြန်မေးကာ ကျန်ရစ်ခဲ့သည်။ မိမိရော ရင့်ကျက်သယောင်ယောင်မို့ အချစ်တွေ၊ သံယောဇဉ်တွေ အတော်ပင် ကင်းနေပြီလား..။ တိကျသော အဖြေတစ်ခု ထွတ်မလာခဲ့ပါပေ။ မြ၀တီမင်းကြီး၏ ကဗျာစလေးကိုတော့ နှစ်ခြိုက်စွာပင် သဲ့သဲ့လေး ရွက်ဆိုဖြစ်သည်။
                        စူးမှန်းသိလျက်၊ မနှုတ်ရက်ဘူး၊ ဒီထက်ပိုပြီး၊ စူးပါစေ..။ 
                                                                         သိမ်မွေ့ဦး (BHU) 
                                                                            (02-01.2013)
ဒိုမိန်းရင်ခွင် စီးဆင်းဖြစ်သည့် သိမ်မွေ့ဦး
$
0
0
          စာပေသည် ရသစာပေ၊ သုတစာပေဟု နှစ်မျိုးရှိပေ၏။ ထိုတွင် သုတစာပေကို ဖတ်ရှုခြင်းဖြင့် ဘ၀အတွက် ဆောင်ရန်၊ ရှောင်ရန် စသည့် ဗဟုဿုတများစွာ ရရှိပေသည်။ ရသစာပေ၏ အရသာကို စာပေကို စွဲမက်စွာ ဖတ်ကြသူတိုင်း ခံစားဘူးကြမည် ထင်သည်။ တစ်ချို့ စာရေးဆရာတို့၏ ရသစာပေ အရေးအသားမှာ ဖတ်ပြီးတိုင်း တစ်ခေါက်ပြီး တစ်ခေါက် ထပ်ဖတ် ချင်လောက်အောင် ပြောင်မြောက်လှသည်။ အမြဲသိမ်းထားချင် လောက်အောင် ဆွဲဆောင်မှုရှိပေ၏။ မိမိအနေဖြင့်မူ သုတစာပေနှင့် စာလျင် ရသစာပေကို ပိုမိုနှစ်သစ်သည်။
     မိမိသည် ငယ်ရွယ်စဉ် အရွယ်ကတဲက စာဖတ်ခြင်းကို အနဲငယ် စိတ်ဝင်စားခဲ့ သည်။ လေးတန်းကျောင်းသား အရွယ်က သတင်းစာတို့ကို ခုံမင်စွာ ဖတ်ဖြစ်သည်၊ အမြဲ စောင့်ဖတ်ခဲ့ရသည့်သတင်းတို့မှာ အီရန်-အီရတ် စစ်ပွဲသတင်းနှင့် သီရိလင်္ကာ အစိုးရနှင့် တမီးလ်ကျားသူပုန် စစ်ပွဲသတင်းတို့ဖြစ်သည်။ ထိုမှတဆင့် ကာတွန်း၊ အချစ်ဝတ္ထု၊ တက်ကျမ်းစာပေ၊ ဘာသာရေး စာပေတို့ကို အဆင့်ဆင့် တက်လာခဲ့သည်။ စာသင်သားဘ၀က နှစ်သစ်သော စာပေတို့ကို ၀ယ်ယူဖတ်ရှုပြီး စုစည်းခဲ့သည်မှာ သေတ္တာနှစ်လုံးတော့ ပြည့်ခဲ့သည်။ ခုချိန် ထိုစာအုပ်များ ဖခင်ကြီး၏ နေအိမ်တွင် ပတ်ဝန်းကျင် စာဖတ်သူတို့ကို အကျိုးပြုလျက်ရှိသည်။ 
     ယခုတော့ မိမိသည် ပညာသင်ဟူသော အကြောင်းပြလှလှလေးဖြင့် အိန္ဒိယသို့ ရောက်ရှိနေလေသည်။ ဒီရောက်တော့ ဖတ်စရာ စာအုပ်များ နဲသွားခဲ့သည်။ အလွယ်တကူ ရနိုင်သော အင်္ဂလိပ် စာအုပ်များသည်ကား မိမိအတွက် လက်လှမ်းမမှီ၊ အင်တာနက်မှ စာအုပ်များ ဒေါင်းလွတ်ဆွဲကာ ဖတ်ဖြစ်သော်လည်း ကွန်ပျူတာမို့ ကြာလာလျင် မျက်လုံးညောင်းလှသည်။ စိတ်တိုင်းကျ မဖတ်နိုင်၊ ထို့ကြောင့် စာဖတ်နဲသွားသည်။ ခုတော့ ဆရာကြီးလေသံဖြင့် ပြောရလျင် ပေါင်းသင်းဆက်ဆံရသူ လူတို့၏ မျက်နှာကို ကြည့်ကာသာ ဖတ်ဖြစ်တော့သည်။ 
       အင်တာနက်ကွန်နက်ရှင်း ကောင်းသည့် တက္ကသိုလ်အဆောင်တွင် နေထိုင်သည့် အခိုက် ဘလော့လေး တစ်ခု လုပ်ဖြစ်သည်။ ဖတ်ဖြစ်သည့် စာပေတို့အနက် မိမိနှစ်သစ်သော စာပေတို့ကို စာချစ်သူ မိတ်ဆွေတို့အား ဝေမျှလိုသော ဆန္ဒဖြင့် ဖန်တီးခြင်းဖြစ်သည်။ မှတ်စုတစ်ခု ဖြစ်စေရန် ရည်သန်လျက် ဘလော့ဂ် ဖွင့်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အရင်က မှတ်တမ်းရေးလေ့ရှိသော်လည်း နောက်တော့ မရေးဖြစ်ခဲ့၊ မှတ်တမ်းစာအုပ်အစား မိမိဘလော့ဂ်တွင်သာ နှစ်သစ်သော စာပေတို့ကို ကော်ပီလုပ်ကာ တင်ပေးခြင်း၊ မိမိအကြောင်းမှတ်တမ်းတို့ကို ဖွင့်ဟ ရေးသားခြင်းတို့ဖြင့် တင်ဖြစ်ခဲ့သည်။ 
         ဘလော့ဂ်၏ အမည်ကို စီးဆင်းရင်ခွင်ဟု ပေးခဲ့သည်။ မိမိ တွေးဖြစ်ခဲ့သည် အဓိပ္ပါယ်မှာ မိမိ၏ ရင်ခွင်မှ စီးဆင်းလာသည့် စာပေများကို တင်ထားခြင်းဖြစ်၍ စီးဆင်းရင်ခွင်ဟု အမည်ပေးခြင်းဖြစ်သည်။ ထိုကြောင့် မိမိရေးသည့် စာပေတို့သာမကဘဲ မိမိနှစ်သစ်သည့် တစ်ခြား စာရေးဆရာတို့၏ စာပေတို့ကိုလည်း တင်ဖြစ်ခဲ့သည်။ ပို့စ်အားလုံး မိမိနှစ်သစ်သော စာပေတို့ကို တင်ထားခြင်းဖြစ်၍ ဘလော့ဂ်ဖွင့်ဖြစ်တိုင်း မှတ်တမ်းစာအုပ် တစ်အုပ်ကို ပြန်ဖတ်ရသကဲ့သို့ ကျေနပ်မှုတစ်ခုတော့ ရသည်။ 
       စာပေတို့ကို ရေးသာရာတွင် မိမိ၏အမည်ကို သိမ်မွေ့ဦး (၀ါ) သိမ်မွေ့အရှင် ဟု ကလောင်တပ်ခဲ့သည်။ ဆရာ မှည့်ပေးခဲ့သည် မိမိအမည်မှာ နိပုဏ ဖြစ်သည်။ နိပုဏ(ဦး) ၊နိပုဏ( အရှင်) ဟူသည် အဓိပ္ပါယ်အားဖြင့် သိမ်မွေ့ဦး (၀ါ) သိမ်မွေ့အရှင်ဟု သဘော ရလေသည်။ ထိုကြောင့် ယင်းကဲ့သို့ ကလောင်ယူခဲ့ခြင်းဖြစ်သည်။ 
         မိမိနှင့် ရင်းနှီးသူ အချို့က ကလောင်အမည်နှင့် ဘလော့ဂ်အမည် မှာ နုလွန်းသည်၊ မိန်းမဆန်သည်ဟု အပြုသဘောအားဖြင့် ထောက်ပြကြသည်။ သူတို့၏ စေတနာကို နားလည်အသိအမှတ်ပြုသော်လည်း နှစ်သစ်မိသည့် နာမည်မို့ မပြောင်းလဲချင်တော့။ ထိုကြောင့် ယင်းနာမည်တို့ဖြင့်သာ ဆက်လက်ရေးဖြစ်ခဲ့သည်။ 
    ဘလော့ဂ်လေးဖြင့် ဆက်လက်ရှင်သန်နေစဉ် မလေးရှားရှောက် မောင်(စွယ်စုံ ကျမ်း)နှင့် သူငယ်ချင်းများက မိမိ၏ဘလော့အား ဒိုမိန်းသုံးနှစ်စာ လှူချင်လို့ဟုဆိုကာ ဆက်သွယ်လာကြသည်။ မိမိအနေနှင့် မောင်(စွယ်စုံကျမ်း)နှင့် သူငယ်ချင်းကို မသိသကဲ့သို့ မည်သည့်အရာကို ဒိုမိန်းဟု သုံးစွဲသည်ကို နားမလည်ခဲ့ပေ။ သူတို့ ရှင်းပြမှ နားလည်ရတော့သည်။ စေတနာဖြူလှသော သူတို့၏ ဓမ္မအလှူကို ကြည်ဖြူစွာ မိမိလက်ခံခဲ့သည်။ 
      မလေးရောက် မောင်(စွယ်စုံကျမ်း)နှင့် မိတ်ဆွေများ ချွေနှဲစာလေးဖြင့် စုဆောင်းကာ လှူဖြစ်သည့် ဒိုမိန်းအလှူသည် မိမိတစ်ပါးထဲတော့ မဟုတ်ပေ၊ မိမိအပါအ၀င် ဓမ္မ၀က်ဆိုက် ဆယ်ခု ဖြစ်ပေ၏။ လှူမည့် လှူတော့လည်း ငါးနှစ်စာ လှူဒါန်းပေ၏။ ပြည်ပရောက်နေသော်လည်း ဘာသာသွေးမအေးကြသည့် သူတို့၏ ဒိုမိန်းအလှူအတွက် လှိုက်လှဲကျေနပ်စွာ သာဓုခေါ်ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် ထပ်မံ၍ ဒိုမိန်းငါးခု လှူဒါန်းသည်ကို သိရသဖြင့် မုဒိတာပွားခဲ့ရသည်။
        ယခုတော့ မလေးရောက် ရွှေမြန်မာတို့၏ ကောင်းမှုကြောင့် မှတ်စုလေး တစ်ခုမျှသာ ဖြစ်သော မိမိဘလော့ဂ်လေးသည် ၀က်ဆိုက်တစ်ခု အဖြစ် ပြောင်းလဲခဲ့လေပြီ။ မရည်ရွယ်ဘဲ ကြီးကျယ်မှုလေး တစ်ခုအဖြစ် အင်တာနက်ရင်ပြင်တွင် မြင့်တွေ့နေရပေပြီ။ မိမိအနေနှင့်လည်း ရင်ခွင်မှ စီးဆင်းကျလာသည့် စာပေတို့ကို ထပ်မံ တင်ဖြစ်အုံးမည်ဖြစ်သည်။ ထိုစာပေများမှ စာလေးတစ်ကြောင်းမျှလောက်သည် စာဖတ်သူ များကို ကျေးဇူးပြုပါစေသတည်း။ ဤသည်မှာ မိမိ၏ အလွန်ထက်သန်သော အာသီသပင်ဖြစ်တော့သည်။ 
                                                                         သိမ်မွေ့ဦး (BHU) 
                                                                              (07-02-2013)
Viewing all 93 articles
Browse latest View live